Tuesday, May 27, 2008

အနှစ် ၆၀ လွန်တဲ့အခါမှာ

လွတ်လပ်ရေးရတာအနှစ် ၆၀ရှိသွားပြီ။
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ကမ္ဘာမှာ၊ အထူးသဖြင့်အာရှတိုက်မှာ လွတ်လပ်ရေးရတဲ့ နိုင်ငံတွေအလျှိုလျှိုပေါ် လာကြတယ်။ ဒီအထဲမှာ အိန္ဒိယ၊ အင်ဒိုနီးရှားလို လူဦးရေအင်မတန်များတဲ့ နိုင်ငံကြီးတွေလည်းပါတယ်၊ လာအိုလို၊ ကမ္ဘောဒီး ယားလို နိုင်ငံငယ်တွေလည်းပါတယ်။ စထွက်တုန်းကတော့ အားလုံးအတူတူတာထွက်ခဲ့ကြတာပဲ။ ဒါပေမဲ့ ရာစုနှစ်တစ်ဝက် ကျော်လာလို့ ပြန်ကြည့်လိုက်တော့ ဗမာပြည်က နောက်ဆုံးမှာတရွတ်ဆွဲလိုက်နေတယ်ဆိုတာ တွေ့ကြရတယ်။ နအဖလက် ထက်ဗမာပြည်ရဲ့ ဒီနေ့ တဦးချင်းဂျီဒီပီနှုန်းက အာစီယံနိုင်ငံ တွေထဲမှာတောင် အနိမ့်ဆုံး။အာရှတိုက်မှာ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်လာတဲ့နိုင်ငံတွေရဲ့ လွတ်လပ်ပြီးကာလ သမိုင်းတွေကို သုတေသန ပြုပြီးယှဉ်လိုက်ရင် ဗမာပြည်လောက် နိုင်ငံရေးအရ ဖိနှိပ်မှုပြင်းထန်တာ၊ ရှည်ကြာတာ၊ နိုင်ငံရေးအကျဉ်းသမားတွေ များပြား တာမရှိဘူးလို့ တွေ့ရမယ်ထင်တယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံသားချင်းအပေါ် ဖိနှိပ်ရာမှာကမ္ဘာရှားဖြစ်တယ်။ အမေရိကန်နဲ့ တောင်တိုက်ခဲ့ကြရတဲ့ ကိုရီးယား၊ ဗီယက်နမ်စတဲ့ စစ်ပွဲကြီးတွေ ပြီးပြတ်ကုန်ပြီ။ ပြည်တွင်းစစ်ဆိုတာတွေလည်း အာရှအရှေ့ ပိုင်းမှာ မကျန်တော့သလောက်ပဲ။ ဗမာပြည်မှာသာ - စစ်အုပ်စုတွေဟာ (လူဦးရေနဲ့ အချိုးအစားတွက်လိုက်ရင်) ကမ္ဘာ့အကြီး ဆုံး စစ်တပ်ကြီးတည်ဆောက်၊ ပြည်တွင်းစစ်ကိုတမင်မွေးပြီး ပျော်ပျော်ကြီးစစ်တိုက်စားနေတယ်။
လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်၊ အမွှာလိုမွေးဖွားခဲ့တဲ့ ဗမာပြည်ကြီးဟာ ဒီစစ်ကြောင့်အမျိုးသားစည်းလုံးညီညွှတ်ရေး မတည်ဆောက်နိုင်ပဲ အမျိုးသားစီးပွားရေးဟာ အဘက်ဘက်ကခြွတ်ခြုံကျလာခဲ့တယ်။ ဒါနဲ့ပြောင်းပြန် ဒီစစ်ကြောင့်ပဲ စစ်အုပ်စု ခါးပိုက်ဆောင်စစ်တပ်ကြီးဟာ ကြီးထွားသထက်ကြီးထွားလာ၊ စစ်အုပ်စုနဲ့အပေါင်းပါတွေ ချမ်းသာသတက်ချမ်းသာလာတယ်။ အရှေ့တောင်နဲ့ တောင်အာရှမှာ အစောဆုံးလွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့တဲ့ ဗမာပြည်ဟာ နိုင်ငံတကာအစည်းအဝေး တွေမှာ ခေါင်းမမော်နိုင်ယုံမက ဟိုလူကဝေဖန်၊ ဒီလူကဆုံးမနဲ့မို့ ခေါင်းပုနေရတဲ့ဘ၀ ရောက်နေရတယ်။
နအဖဟာ ဗမာပြည်ကို ကမ္ဘာ့အလယ်မှာဂုဏ်ယူနိုင်အောင် ဘာတွေများစွမ်းဆောင်ပေးနိုင်ခဲ့သလဲ။ စီးပွားရေး- တတိယနိုင်ငံအဆင့်ကနေ စတုတ္ထနိုင်ငံအဆင့်လျှောကျပြီး အကြွေးတွေလည်ပင်းရောက်နေတယ် (ဒါတောင်သူများတွေက ချေးမပေးကြလို့၊ နအဖကတော့ အကြွေးသာရရင် ဆင်တောင်အလကားယူမယ်ဆိုတဲ့ဟာမျိုး)။ လူမှုရေး- လူမှုဖူလုံရေးခံစား ခွင့်၊ အမတော်ကြေး စတာတွေဟာ သဏ္ဌာန်သာသာတောင်မှမရှိတော့။ ရှိသူနဲ့မရှိသူ၊ လူတန်းစားကွဲပြားမှုသိသာခြားနားလွန်း လို့ တရားရုံး၊ ဖြန်ဖြေရေးရုံး စတာတွေအားလုံးဟာ တံဆိပ်တုံးနှိပ်ရာသက်သက်ဖြစ်ကုန်တယ်။ ကျန်းမာရေး- စစ်အုပ်စုထိပ်သီး ပိုင်းသာမက ငွေးကြေး တတ်နိုင်သူမှန်သမျှ ပြည်ပထွက်ဆေးကုနေကြတယ်။ အာဟာရမပြည့်စုံသူတွေ၊ ဆေးဝါးမတတ်နိုင်သူ တွေ အများဆုံးရှိနေတဲ့ ဒီနိုင်ငံမှာမှ အေအိုင်ဒီအက်စ်ရောဂါက အဆိုးဝါးဆုံးနှိပ်စက်နေတယ်။ ပညာရေး- ကိုလိုနီခေတ်တုန်း က အိမ်နီးနားချင်းနိုင်ငံတွေကလူတွေ ဒီမှာလာပြီးပညာမျိုးစုံသင်ယူကြတာတွေရှိတယ်။ အခုတော့ သားသမီးကို ပြည်ပပို့ပညာ သင်ကြားစေရေး၊ ပြည်ပမှာပဲအလုပ် အကိုင် ရရှိစေရေးဟာ မိဘတွေရဲ့မျှော်လင့်ချက်တခုဖြစ်နေပြီ။ နိုင်ငံရေး- လက်ရှိကမ္ဘာမှာ နိုင်ငံရေးအကျဉ်းသမား အရေအတွက် အများဆုံးနဲ့ သက်တမ်းအရှည်ဆုံးစံချိန်တင်ထားတယ်။
လွတ်လပ်ရေးဟာ ဘာအဓိပ္ပာယ်များရှိသေးသလဲမေးစရာဖြစ်နေတယ်။ အာဇာနည်အဆက်ဆက်တို့ အသက်ပေး တိုက်ပွဲ ၀င်ခဲ့တာဟာ ဒီစစ်ဗိုလ်ချုပ်တွေ ကောင်းစားဖို့လားလို့လည်း မေးစရာဖြစ်နေတယ်။
လွတ်လပ်ရေးကို လွယ်လွယ်ကူကူရခဲ့တာမဟုတ်ဘူးဆိုတာ ဗမာနိုင်ငံသားတွေအသိဆုံးပဲ။ နယ်ချဲ့နိုင်ငံကြီးတွေချင်း စစ်ပွဲတွေ အသွင်နဲ့ ထိပ်တိုက်ဆောင့်နေကြတဲ့အကြားက ကိုလိုနီအမျိုးသားတရပ်က လွတ်လပ်ရေးရဖို့လုံးပမ်းရတယ်ဆိုတာ စွန့်လွှတ်ပိုင်း ဖြတ်မှုတွေလိုသလို နည်းပရိယာယ်တွေလိုလှတယ်။ အင်္ဂလိပ်ကိုလိုနီသခင်တွေရဲ့ ၉၁ ဌာန၊ ဒိုင်အာခီစတဲ့ မျက် စေ့လည်စရာ ချော့မြှူမှုအမျိုးမျိုးကိုဖယ်ရှားပြီး ဓနသဟာယနိုင်ငံစာရင်းထဲတောင်မ၀င်တဲ့ လုံးဝလွတ်လပ်ရေးကို ရအောင် တိုက်ပွဲဝင်ခဲ့ရတာ ဗမာပြည်က အမျိုးသားခေါင်းဆောင် အဆက်ဆက်နဲ့ ပြည်သူတွေရဲ့ ထူးခြားချက်ဖြစ်တယ်။ ဒီကြားထဲမှာ ဂျပန်ပေးတဲ့လွတ်လပ်ရေးကို ပါးနပ်စွာအသုံးပြုပြီး ဂျပန်ကိုပြန်တော်လှန်ခဲ့တယ်ဆိုတဲ့ ဂုဏ်ယူစရာအချက်လည်းရှိသေးတယ်။
အရှေ့တောင်အာရှနဲ့ တောင်အာရှမှာအစောဆုံးလွတ်လပ်ခဲ့တဲ့ နိုင်ငံဟာအခုအခါမှာ အဘက်ဘက်နောက်အကျ ဆုံးဖြစ်နေရတယ်။ စစ်အာဏာရှင်စနစ်ကြောင့်မို့ ဒီအဖြစ်ရောက်ရတယ်ဆိုတာ ဘာမှအငြင်းပွားစရာမရှိတဲ့အချက်ဖြစ်တယ်။ မိမိတို့ရဲ့ ဗမာနိုင်ငံကိုကမ္ဘာ့အလယ်မှာ ဂုဏ်နဲ့ဒြပ်နဲ့ ရပ်တည်နိုင်စေဖို့၊ ခေတ်မီစက်မှု၊ သိပ္ပံနည်းပညာများထွန်းကားတဲ့၊ ဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်စေဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရမယ်ဆိတာလည်း ရှင်းနေတယ်။
ဗမာပြည်သားများအနေနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသလိုပဲ စည်းလုံးညီညွှတ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံ မှု၊ နည်းပရိယာယ်ကြွယ်ဝမှုတွေ ဖော်ပြကြရအုန်းမယ်။
ဒီနေ့အခါမှာ နိုင်ငံတကာ့အခြေအနေက ဗမာပြည်သူပြည်သားတွေ ကိုယ့်ဖာသာလုံးပမ်းတိုက်ခိုက်မှရမယ်ဆိုတာကို ပြဌာန်းနေတယ်။ ကယ်တင်ရှင်မျှော်ကိုးမှု၊ စိတ်ကူးယဉ်မှုတွေကို ဖယ်ရှားပြီး ‘ငါသာလျှင်အရှင်သခင်၊ ငါသာလျှင် ငါ့သမိုင်း ဖန် တီးသူ’ ပီသစွာ တိုက်ပွဲဝင်ကြရမှာပဲ။ စစ်အုပ်စုကို ထိထိရောက်ရောက်ထိုးနှက်နိုင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနဲ့ စက် တင်ဘာအရေးအခင်း စိတ်ဓာတ်တွေကိုကိုင်စွဲ၊ အဲဒီက သင်ခန်းစာတွေထုတ်၊ အတုယူစရာတွေယူပြီး အောင်ပွဲအလံကိုလွှင့် ထူကြပါစို့။
၂၀၀၈ခုနှစ်ကို တိုက်ပွဲဝင်စိတ်ဓာတ်၊ အောင်ပွဲခံသန္နိဌာန်နဲ့ လှမ်းဝင်ကြပါစို့။

ဗသြ

ဆက်ဖတ်ရန်...

ဇာတိရနံ့

နာဂစ်က မြစ်ဝကျွန်းပေါ်ကို ကြေမွစေခဲ့သည်။ နာကျင်စွာမြင်တွေ့နေရသည်မှာ မြစ်ဝကျွန်းပေါ်က လူတွေ၊ ဘ၀တွေ၊ အိုးအိမ်စည်းစိမ်တွေ၊ သိမီလိုက်သူများကတော့ ကမ္ဘာစစ်ထက်ဆိုးရွားတဲ့ သေဆုံးကြေမွမှုလို့ပြောကြ။ ဒီဒေသတွေထဲမှာ ဆရာကြီး ဒဂုန်တာရာရဲ့ ဇာတိမြေလည်းပါဝင်ခဲ့။ ထိုင်ကူမြစ်တန်း၊ သမတ်ပြေ၊ မြို့အသေးလေး ကျိုက်လတ်၊ အမျိုးသားကျောင်း (ယခု အထက - ၂)၊ ဖျတ်ခနဲ တွေ့လိုက်ရသည့် တိလောကမာရိဇိံတန်ဆောင်းထဲက နာဂစ်လူမမာတွေ၊
ဗေဒါမမျော လူသေမျောပေါ့။ ငှက်သမ္မာန်အစား အိမ်ယာတွေသာသွားနေကြ။ ကနစိုကြား လူသေနားခဲ့။ ဓနိပင်တန်း မြစ်ကမ်းတလျောက် သက်ရှိသက်မဲ့ အပျက်အစီးများက ဒီရေအတိုင်းစုံဆန်မျောပါ။ ဇာတိရနံ့ လွမ်းမောတတ်သည့် ဆရာကြီး၊ ဒီသတင်း၊ ဒီအရုပ်၊ ဒီအသံ၊ ဒီအရိပ်တွေကြား လှိုက်မောနေပေလိမ့်။ သိမ့်တုန်ခုန်လှုပ်နေပေလိမ့်။ အိမ်လွမ်းစိတ္တဇ။
လေ့လာရေးလည်း ဇာတိအတွက် လှိုက်မောနေမိသည်။ လေ့လာရေးက အထက - ၂ ကျောင်းသား။ တိတ်ဆိတ်သော၊ ရိုးအေးသော၊ ညင်သာသော၊ သိမ်မွေ့သော မြို့အသေးလေး။ ဦးပြုံးချိုကျောက်တိုင်။ မြန်မာ့ဩဘာကလပ်၊ ၁၉၂၀ - သပိတ်မှောက်ကျောင်းသားကြီးရဲ့ ဂူဗိမ္မာန်၊ အမျိုးသားကျောင်း - အထက ၂၊ ခရေပင်တန်း၊ ကုက္ကိုလ်လမ်းနှင့် ဗန်ဒါအရိပ် လွမ်းအတိတ်။ အိမ်လွမ်းစိတ္တဇ။ ထိုအလွမ်း၊ ထိုစိတ္တဇဖြင့်ပင် ဆရာကြီး ဒဂုန်တာရာ၏ ဇာတိရနံ့အား ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။

ဇာတိရနံ့
ဒဂုန်တာရာ

အရွယ်ကြီးလာသောအခါ မိမိဖြတ်သန်းလာသော အတိတ်သည် လန်းဆတ်၍ လာ တတ်သည်၊ ၁၉၆၃ က ၆၇ အထိ ကျွန်တော်သည် ဆိတ်ဖလူးရနံ့ သင်းပျံ့ရာနေရာတွင် နေခဲ့ဖူးသည်။ ထိုအခါက ညအိပ်ရာဝင်လျှင် အတိတ်တို့သည် ကျွန်တော်၏ အသိညာဏ်ကို နှိုးဆွလိုက်သည်။ တွေးစရာများ ပေါ်လာတတ်သည်။ မိမိဖြတ်သန်းလာခဲ့သော သမိုင်းအတွေ့ အကြုံများကို သုံးသပ်မိလာသည်။
မိမိဘ၀ ဖြတ်သန်းမှုကိုလည်း တွေးမိလာသည်။ သမိုင်းဖြတ်သန်းမှုနှင့် ဘ၀ဖြတ်သန်းမှု ဆိုသည်ကလည်း သီးခြားမဟုတ်၊ ဆက်စပ်နေသည်။ သမိုင်းခေတ်ကို ပြန်လည်တွေးမိ လိုက်သည်။ ဘ၀ကို သုံးသပ်မိလာတတ်သည်။ ကျွန်တော်နှင့် ခေတ်ပြိုင်ရွယ်တူ ကျောင်းနေဖက် အပေါင်းအဖက်တို့သည် တဖြည်းဖြည်းနှင့် သိတ်မရှိကြ။ ကျွန်တော်၏ နုပျိုစတွင် သိကျွမ်းခဲ့သော သူတို့သည်လည်း သူတို့၏ အတိတ်သမိုင်းနှင့်သူတို့ ရှိနေကြသည်။ အချို့လည်း ကျန်သေးသည်။ အချို့လည်း မရှိတော့။
ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ၊ ကိုလှမောင်၊ ကိုဘဆွေ၊ ကိုကျော်ငြိမ်း စသူတို့သည်လည်း မရှိကြတော့ပြီ။ သူတို့၏ နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြ ပြီးပြီ။ စာပေဖက်က ကြည့်လျှင်လည်း ဒုတိယမျိုးဆက်အစဟု ဆိုနိုင်သော ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ကိုကြည်လင်၊ ကိုကျော်အောင် စသူတို့လည်း မရှိကြတော့။ သူတို့သည်လည်း သူတို့၏ စာပေတာဝန်ကို ထမ်းဆောင် ခဲ့ကြပြီးပြီ။ ကျွန်တော်သည် နောက်ထပ်မျိုးဆက်သစ် များနှင့် ထိတွေ့ရပြန်သည်။ ထိုအခါ မျိုးဆက်ကွာဟမှုဟူသော စကားရပ်ကို သတိပြုမိသည်။ သမိုင်းမှတ်တမ်း မှတ်ရာများကို ရေးဖွဲ့သောအခါ အစက ပြန်၍ ကောက်ကြရသည်။ သူတို့ မမီ သော ခေတ်ကို သူတို့ သိချင်ကြသည်။ ကျွန်တော်ကလည်း ယင်းသူတို့ မမီသော ခေတ်ကို ဖွဲ့နွဲ့ ဖော်ပြမှသာလျှင် သူတို့ အတွေးများသည် ပို၍ ရှင်းလင်းကြည်လင်လာမည်ဟု ယူဆမိသည်။ ယင်းတို့ပင် အရွယ်ကြီးရင့်လာသည့်အခါ ခံစားတတ်သော အတိတ်ဝေဒနာများကို အိမ်လွမ်း စိတ္တဇဟူသော စကားရပ်ဖြင့် ကျွန်တော် ဖွဲ့နွဲ့ဖော်ပြခဲ့ဖူးပြီ။
ကဗျာဆရာ၊ ၀တ္ထုရေးဆရာ စသော ဖန်တီးသော အနုပညာရှင်တို့သည် မိမိတို့ ဖြတ်သန်းခဲ့သော ခေတ်များမှ အဖြစ်အပျက်များကို ပြန်၍ရေးချယ်ပြတတ်သည်မှာ သဘာဝတ္တ တရားဟု ဆိုနိုင်မည်။ စိတ်ကူးသက်သက် ဆိုသည်မှာ ရှားသည်။ မိမိအတွေ့အကြုံကို စိတ်ကူးဖြင့် အဖွဲ့အနွဲ့များ ထုံယစ်ရသည်။ ထို့ကြောင့်ပင်လျင် စာပေဝေဖန်ရေးဆရာတို့သည် စာရေးဆရာတဦး၏ စာပေများကို သီးသီးသန့်သန့် ဟူသော သဘောဖြင့် လေ့လာသောအခါ သူ၏ အရေးအသား စာပေသာမက သူ၏ဘ၀ကိုလည်း ယှဉ်တွဲလေ့လာကြသည်ကို တွေ့နိုင်သည်။

(ခ)
ကျွန်တော်သည် လွန်ခဲ့သော ၁၀ နှစ်ခန့်က မြို့ပြမှ ခွါ၍ မြို့ပြမှ မိုင် ၃၀ ကွာဝေးသော ဥသာရိုးမအဖျားစ တောရိပ်တောင်ရိပ်တွင် နေခဲ့သည်။ "စက်ရုံကျေးလက်" ဟူသော ခေါင်းစဉ်ဖြင့်ပင် ကဗျာတပုဒ် ရေးသားဖွဲ့ခဲ့ဖူးသည်။ ကျေးလက်၊ တကယ်တော့ ကျေးလက်ဆို သည်မှာ ကျွန်တော်၏ မွေးဇာတိဖြစ်သည်။ ကျွန်တော်မွေးဖွားသော နေရာမှာ ဧရာဝတီမြစ် ကမ်းနဘေးရှိ ရွာသိမ်ရွာငယ်ကလေး ဖြစ်သည်။ ကြီးလာသောအခါ မြို့ပြရောက်ပြီးလျင် ကျောင်းသားဘ၀၊ လူထုအဖွဲ့အစည်းထဲတွင် ပါဝင်သောဘ၀ဖြင့် ရောယှက်ကာ ရှိခဲ့သည်။
ယင်းသို့ ဘ၀များဖြင့် ကျော်လွန်ခဲ့ပြီးနောက် တောကျေးလက်တနေရာတွင် ရောက်နေ သောအခါ ဇာတိရနံ့တို့သည် ဘယ်ကဘယ်လို ရောက်လာသည်မသိ၊ မွှေးမြလာသည်။ ကျွန်တော်၏ တူမဖြစ်သူက ၇၀ ပြည့်နှစ် မွေးနေ့ကို ယင်း ကျေးလက်ရွာကလေးတွင် စီစဉ်ပေး၍ မိတ်ဆွေဟောင်းများ၊ အတွေ့ရနည်းသော စာပေမိတ်ဆွေများနှင့် ဆုံတွေ့ရသည်။ အပေါင်းအသင်းတွေနဲ့ ဆုံတာပေါ့ဟု၊ သည်စကားကို ကျေနပ်သွားသည်။ မွေးနေ့ဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်၍ မဟုတ်။ အခမ်းအနားများကို ကျွန်တော်ကြိုက်သည်မဟုတ်။
သို့သော် ရိုးရိုးလေးပင် အခမ်းအနားမပါ လုပ်ခဲ့၍ အစက သဘောမကျသော်လည်း ကျေနပ်ခဲ့ရသည်။ ကျွန်တော်နေထိုင်ရာ ကျေးလက်ကို "မိမိကိုယ်ကိုမဲဇာပို့ခြင်း" ကဗျာခံစားမှု ကဗျာဖွဲ့နွဲ့ခဲ့သည်။ ဒုတိယမွေးနေ့ကို ယင်းရွာလေးရှိ ဘုန်းကြီးကျောင်းတွင် လုပ်သည်။ အစက မတွေးမိ။ ဘုန်းကြီးကျောင်းတွင် လူများနှင့် ဆုံတွေ့ရသောအခါမှ အိမ်လွမ်းစိတ္တဇ ဖြစ်လာသည်။ ပေါ်လာသည်။
ဘုန်းကြီးကျောင်းဆိုသည်မှာ ကျွန်တော် မွေးဖွားရာရွာမှ အိမ်ကလေးနှင့် ကပ်လျက် ဘုန်းကြီးကျောင်း။ ကျွန်တော် ရှင်ပြုရာ ကိုရင်ဝတ်ရာကျောင်း။ ဇာတိ ထုံရစ်လာတော့သည်၊ ကျွန်တော်က ကျေးလက်တွင် မွေးဖွားပြီး ကျေးလက်တွင် ကြီးပြင်းရသည်မဟုတ်။ မွေးစတွင်သာ ကြီးပြင်းပြီး၊ ထို့နောက် ကျောင်းနေသော ဘ၀ကစပြီး မြို့ပြတွင်သာ အနေများ တော့သည်။ နိုင်ငံခြား မြို့ပြများကိုလည်း ရောက်သွားသည်။ ထို့နောက် ကျွန်တော်၏ အိမ်လွမ်းစိတ္တဇက စ၍ မိမိဖြတ်သန်းခဲ့သော ဘ၀များ၏ အတိတ်သည် ကျွန်တော်၏ ရင်တွင်းသို့ သက်ဆင်းကျရောက် ဆွတ်ပျံ့ရီဝေလာသည်။
ထိုအခါ ကျွန်တော်သည် မနေနိုင်တော့၊ အောင့်၍ မထားနိုင်တော့။ မိမိခံစားမှုကို စာလုံးများဖြင့် ဖွဲ့သီ ယက်ဖောက်လာမိတော့သည်။ မေ့ပျောက်နေပြီဟု သာမန်အားဖြင့် ထင်မှတ်ခဲ့သော အတိတ်၏ ပုံကားချပ်၊ အသံ၊ အရောင်၊ ရနံ့ တို့သည် ဘယ်ကနေ ပေါ်ပေါက်လာသည် မဆိုနိုင်။ ကဗျာစကားလုံးတို့တွင် ပြိုးပြက်ကြွရွ မွှေးမြ လန်းဆတ်လာ ခဲ့သည်။
သြော် ကဗျာဆိုသည်ကား ခံစားမှု၏ ကိုယ်စားပြုရာ မဟုတ်ပါလား။

ဇာတိရနံ့

ငါမွေးဖွားရာ
မွန်ကျေးရွာတခု၊ ဧရာဝတီ
စိမ်းမြဖန်ကွဲ၊ ကွဲအက်စီးယှက်
မြစ်လက်တက်ဘေး၊ ရွှံ့ စေးပျော့ဖတ်
ဇလပ်ပင်တန်း၊ မြစ်ကမ်းကိုင်းကျ
အိမ်ခေါင်းရင်းမှ၊ ကွမ်းသီးခြံက
အိမ်ရှေ့ကမ်းစပ်၊ စောင်းလျားပင်တန်း
လွှမ်းမိုးရိပ်အုပ်၊ လှေဆိပ်တံတား
သမ္ဗန်လှေများ၊ လှော်ခတ်သံကြား
စပါးကျီက၊ အိမ်ဘေးမှလျှင်
လယ်တခွင်လုံး၊ ကြည့်၍မဆုံး
ကနစိုငုတ်၊ နီပုတ်အမြစ်
ဗျိုင်းအုပ်နားရာ၊ ကဏန်းခိုရာ
အစိမ်းထဲမှ၊ အနီကွက်ကျား။

ကွမ်းခြံလွန်သော်
အုတ်စီလမ်းမှ၊ သွားရသည်ကား
အဘိုးအဘွား၊ တည်ထားလှူထား
ခြင်္သေ့နတ်လမ်း၊ စင်္ကြန်ခန်းနှင့်
လက်ရန်းလှေကား၊ စိန်တောင်သွားနှင့်
ကျွန်းသားတိုင်လုံး၊ ရွှေရောင်ပြက်ဖုံး
ဘုန်းကြီးကျောင်းမှာ၊ ကိုရင်ဝတ်ခဲ့။

ငါ့အဖော်ကား
ကျေးသားဇလပ်သီး၊ ဖားပုစွန်လုံး
လင်းမြွေနက်မှောင်၊ ချောပြောင်ကျွဲမျှော့
ရွှံ့ပျော့ငါးပြေး၊ အဝေးပျံသွား
ဗျိုင်းအုပ်များနှင့်၊ ကြိုးကြာငှက်များ
ကောက်ရိုးနံ့၊ ဒိုက်ချွဲနံ့
ငှက်ပျောရွက်နံ့၊ ခိုချေးနံ့
ကြေးစည်သံ၊ ဆန်ဖွပ်သံ
လှေခတ်သံ၊ နွားအော်သံ
ဂရို့ချိုးသံ၊ စပါးလောင်းသံ
အစိမ်းလယ်ကွင်း၊ အ၀ါတလင်း
အပြာမိုးသား၊ နေများ လများ ကြယ်များ
ဖြတ်သန်းသွားခဲ့၊ လှုပ်ရှားရင်ခုန်
ငါ့အားမွေးဖွား၊ တောကျေးလက်။

ငါ့အမေကား
လယ်မြေသမီး၊ ငါ့အဖေက
ဘလုပ်ဘရားသား၊ အ၀ယ်တော်ပွဲစား
အဖေသွားရာ၊ မြို့ပြသွားနေ
ဗန္ဓုလဂျာနယ်၊ တိုက်နှင့်မဝေးပြီ
ကီလီလမ်းမှ၊ ၀ီလျံလမ်းကြား
ဖြတ်သန်းပြောင်းရွှေ့၊ ဓာတ်ရထားလမ်းတွင်
ကျောက်ခဲတင်ခဲ့၊ မီးတောက်လက်လာ
ငါစောင့်ကြည့်ရာ၊ ပျော်စရာပ
အမျိုးသားကျောင်း၊ မက်သောဒစ်ကျောင်း
ယူနီဗာစီတီကျောင်း၊ ပညာသင်ကြား
ကျောင်းသားဘ၀၊ မြို့ပြမှာသာ
ငါကြီးပြင်းခဲ့ရ။

ကျောင်းထွက်ပြီးက
ကတ္တရာနက်လက်၊ ပြောင်နက်လမ်းကျော
အင်္ဂတေချော၊ ကတ္တီပါမြက်ခင်း
ဝင်းပဖိတ်လျှံ၊ ဖန်ရောင်မှန်ရောင်
ဆောင်ကူးစင်္ကြန်၊ အုတ်ကြွပ်နီကြန်
မိုးရေမစွတ်၊ သွားရလာရ
ပေါင်ဒါနံ့၊ ရေမွှေးနံ့
နှုတ်ခမ်းနီနံ့၊ ပါးနီနံ့
ဝီစကီနံ့၊ ဘီယာနံ့များ
မော်တော်ကားသံ၊ အနောက်တေးသံ
ဂျပ်စ်ဘင်သံ၊ လေလှိုင်းသံ
ယစ်ဝေပန်းလျ၊ ဖျတ်ဖျတ်ရွရွ
မြို့ပြမှာ၊ ကြီးပြင်းခဲ့ရ
ဒေါက်တာဇီဗားဂိုးဇာတ်ကားမှ
ဘာရီကီဒို အိမ်ကြီးကိုသတိရ။

တိမ်တိုက်ပေါ်မှ
မြင်ရစက်ပြောက်၊ အောက်သို့ငုံ့ကြည့်
မိမိဖြတ်ရာ၊ မြို့ပြပြည်ရွာ
သမုဒ္ဒရာ၊ နက်ပြာနုရင့်
စိမ်းဝါလယ်ကွင်း၊ လှေကားထစ်ဆင့်ညီ
ပီကင်းဆိုက်ပြီ၊ ကော်ဇောနီခင်း
လည်စီးနီများ၊ ပန်းစည်းပေးဆက်
ဖြတ်သန်းပြန်ရာ၊ ဂိုဘီသဲကန္တာရ
မွန်ဂိုလိယ၊ အေးမြနှင်းခဲ
တွဲလောင်းခိုနား၊ နှာခေါင်းဖျားမှ
ဆိုက်ဘေးရီးယား၊ ရေခဲသားပြင်
ကြယ်နီဆင်သ၊ ကရင်မလင်
မြားနီညရထား၊ ပစ်သွားမြန်ယာဉ်
လီနင်ဂရက်၊ ၀န်းယှက်တံတား
ချောင်းဖျားစီးရစ်၊ စိမ်းသစ်ခွေကျွန်း
ဒနီးဗားမြစ်ဘေး၊ မေးတင်တောင်စောင်း
ဘုရားရှိခိုးကျောင်း၊ ရွှေရောင်ပြိုးပြက်
ကိယက်မြို့မှ၊ ပရဟာသို့
မြို့ပြရဲတိုက်၊ ဗုဒ္ဓဂါယာ
ဗာရာဏသီ၊ င်္ဂဂါမြစ်ဝှမ်း
သွားလာလှည့်လည်၊ မြို့ပြပြည်များ
ဆွီဒင်တခေါက်၊ နောက်ဆုံးရောက်ခဲ့
၁၉၆၂။

၇၅နှစ်
ပိတောက်သစ်၊ စိန်းပန်းသစ်
နှစ်ပေါင်းများစွာ၊ မြို့ပြမှာနေ
မွေးမြေနှင့်စိမ်း၊ ဇလပ်နှင့်စိမ်း
ကျေးငှက်နှင့်စိမ်း၊ လယ်ကွင်းနှင့်စိမ်း
ဘောက်တူနှင့်စိမ်း၊ မျှော့နက်နှင့်စိမ်း
မွေးရက်တနေ့၊ မိတ်ဆွေတွေ့ဆုံ
ကျေးလက်ဓလေ့၊ ထမင်းဝိုင်းမှာ
ရောက်တတ်ရာရာ၊ လွတ်လပ်စွာပြော
ပြုံးကာရယ်ကာ၊ နေရာမထ
ဓမ္မသုခ၊ မဲဇာအနီး
ဘုန်းကြီးကျောင်းမှာ၊ ဖိတ်စာမကမ်း
သတိရသူ၊ ချစ်ခင်သူများ
သတင်းကြားနှင့်၊ လာရောက်ကြပြီ
မွေးရာအိမ်ကြီး၊ ပြိုပျက်စီးလည်း
ဘုန်းကြီးကျောင်းနှင့်၊ ပိတောက်ပွင့်နှင့်
လက်ဖက်ရည်ဝိုင်းနှင့်၊ ကဗျာဝိုင်းနှင့်
ဇာတိရနံ့၊ ထုံမွှေးဆဲကို။ ။

ဒဂုန်တာရာ။
(၃၊ ၆၊ ၉၄)
{Beauty မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၁ မှ ကူးယူဖော်ပြပါတယ်။}

ဆက်ဖတ်ရန်...

Wednesday, May 21, 2008

စေ့စပ်ဆွေးနွေးပွဲနဲ့ စကားပြောပွဲ

ဒီနေ့ဗမာပြည်မှာ ဖေဖော်ဝါရီလထဲမှာ ထုတ်ပြန်လိုက်တဲ့ ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ တို့ရဲ့ဂယက်တွေ အပြင်းအထန်ရိုက် ခတ်နေပါတယ်။ အဲဒါကတော့ နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ “စကားပြော” နေတဲ့အကြားက
သူတို့ရဲ့ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ ကိုအတည်ပြုဖို့နဲ့ ရွေးကောက်ပွဲအစီအစဉ်တို့ကို အတင်းတင်ပြလာတာဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့နအဖတို့ “စကားပြော” တာရဲ့အဖြေလား၊ နောက်ဆက်တွဲလား၊ စဉ်းစားစရာဖြစ်ပါတယ်။ အဲဒီ “စကားပြောပွဲ” ဟာ ဘာဖြစ်သွားပြီလဲ၊ ဆက်ပြီး ပြောခိုင်း ထားအုန်းမှာလား၊ မေးစရာတွေလည်းပေါ်လာပါတယ်။
တကယ်တော့ ဒီစကားပြောပွဲဟာစံကျတဲ့ စစ်အုပ်စုပုံစ စကားပြောပွဲတခုသာဖြစ်ပါတယ်။
ဒီလိုဆိုတော့ စကားပြောပွဲဆိုတာနဲ့ စေ့စပ်ဆွေးနွေးပွဲဆိုတာတို့ရဲ့ ခြားနားချက်ကိုပြောဖို့လိုလာပါတယ်။ စေ့စပ်ဆွေး နွေးတယ်ဆိုတာဟာ နှစ်ဖက်ကွဲလွဲနေတာတွေကို ဖြေရှင်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ရှိရှိ စကားပြောကြတာဖြစ် ပါတယ်။ စကားပြောပွဲ ဆိုတာကတော့ ဘာဘောင်မှခတ်မထားတဲ့၊ တနည်းပြောရရင် ဦးတည်ချက်မထားပဲ ပြောရင်လည်း ပြောလို့ရတဲ့စကားပြောခြင်းတရပ် ဖြစ်ပါတယ်။ န၀တ - နအဖရဲ့သက်တမ်းတလျှောက်မှာ စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ စကား မပြောနဲ့ စာပွဲဝိုင်းမှာထိုင်တယ်ဆိုတဲ့ စကားမျိုးကိုတောင် မသုံးဘူးဆိုတာသတိပြုမိပါတယ်။ သူတို့တတွေ ငြိမ်းအဖွဲ့တွေနဲ့ တွေ့ ဆုံတာတွေမှာတောင် ဒီလိုအသုံးအနှုန်းတွေ မသုံးတဲ့ပါဘူး။

တကယ်ကျတော့ စစ်အုပ်စုတိုင်းလိုလိုပဲ ‘စေ့စပ်ဆွေးနွေးရေး’ ကို ယတိပြတ်ငြင်းပယ်လေ့ ရှိပါတယ်။ သူတို့ဟာ ‘သ ရေပွဲ’ ဆံတဲ့အဖြေမျိုးကို လက်ခံနိုင်စွမ်းမရှိပါဘူး။ သူတို့က ‘နိုင်ရမှ’ ကြိုက်ပါတယ်။ ‘နိုင်’ ပြီးပြီဆိုတော့မှ ဘယ်၍ ဘယ်သို့သော စည်းကမ်းချက်တွေနဲ့ အညံ့ခံပါ၊ လက်နက်ချပါ၊ အဲဒီကျမှ နိုင်သူနဲ့ရှုံးသူ ‘စကားပြောပွဲ’ လုပ်ကြမယ်လို့ ပြောလေ့ရှိတာဟာ သူ တို့ရဲ့ဝသီပါ။ ထုံးစံပါ။ ဒါဟာစစ်ဗိုလ်ချုပ်ရဲ့ အတွေးအခေါ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စဉ်းစားမှုခြားနားချက်လို့ ပြောရင်ရ မယ်ထင်ပါတယ်။
စစ်ဗိုလ်တွေရဲ့ ဒီလိုအတွေးအခေါ်ကို ကမ္ဘာ့စစ်ပွဲ (၂) ခုမှာလည်းတွေ့ခဲ့ကြရပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲမှာ ဂျပန်ကို အဲဒီနည်းနဲ့ လက်နက်ချခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ကတင်းခံနေတော့ မနိုင်နိုင်တဲ့နည်းနဲ့ ‘အနုမြူဗုံးကြဲချခဲ့တာပါပဲ။ ကိုးရီးယား စစ်ပွဲ (၁၉၅၀ - ၅၃ ခုနှစ်) မှာကျတော့လည်း စစ်ဗိုလ်တွေက (အမေရိကန်က မက်အာသာက) စစ်ပွဲကြာလာတာနဲ့အမျှ သူတို့ ဖက်က အကျအဆုံးများလာလို့ အနိုင်အရှုံးပြတ်ဖို့ အနုမြူဗုံးကိုသုံးချင်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးခေါင်းဆောင်ဖြစ်နေတဲ့ သမ္မတထရူးမင်းက မက်အာသာကို ‘ကိုယ်အာဏာမပိုင်တဲ့ ပေါ်လစီကိုထုတ်ပြန်ခဲ့မှု’ နဲ့ ကိုးရီးယားစစ်မြေပြင်တပ်မှူး အဖြစ်က ဖြုတ်ပစ်ခဲ့ရပါတယ်။ (တကယ်တော့ ထရူးမင်းဟာ ဂျပန်မှာအနုမြူဗုံးကြဲဖို့ အမိန့်ပေးခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက် မှာ အနုမြူဗုံးမရှိပါဘူး။ ဂျပန်ကို နာလန်မထူနိုင်အောင် အနုမြူဗုံးကြဲပြလိုက်တော့ ဆိုဗီယက်ကိုလည်း ခြောက်လှန့်ပြီးဖြစ်သွား လို့အကျိုး (၂) ခုရလိုက်ပါတယ်။ ကိုးရီးယားစစ်ပွဲမှာ တရုတ်ပြည်အပေါ် အနုမြူဗုံးကြဲမိရင် ဆိုဗီယက်က၀င်ပါရလိမ့်မယ်။ ဆိုဗီယက်မှာက အနုမြူဗုံးရှိနေပါပြီ။ ကမ္ဘာဖျက်စစ်ပွဲကြီး ဖြစ်တော့မှာသေချာသလောက်ပါ။ ဒါကြောင့် အရမ်းပြောအရမ်းလုပ် မယ့်စစ်ဗိုလ် မက်အာသာကိုအိမ်ဖြူတော်က ဖြုတ်လိုက်ရတာပါပဲ။ ဒီလိုနဲ့ သမ္မတအိုက်ဆင်ဟောင်ဝါ လက်ထက်မှာကျမှ နှစ် ဖက်စလုံးက ‘သရေပွဲ’ အဖြစ် အသိအမှတ်ပြုပြီး စစ်ကိုရပ်လိုက်တာ ဖြစ်ပါတယ်။ ကိုရီးယားစစ်ပွဲဟာ နိုင်ငံရေးနည်းနဲ့ ရှင်းမှပြီး သွားတာပါ။
ဗီယက်နမ်စစ်ပွဲမှာလည်း ဒီလိုပြသနာကြုံခဲ့ဖူးပါတယ်။ အမေရိကန်ဟာ စစ်ကိုနိုင်အောင် တိုက်နိုင်မယ်ထင်လို့ ပဲရစ် ဆွေးနွေး ပွဲတွေကိုဟန်ဆောင်လောာက်လုပ်ပြီး အချိန်ဆွဲနေခဲ့တာပါ။ ဒါပေမဲ့ စစ်ပွဲဟာ သူတို့ထင်သလိုဖြစ်ပေါ်မလာပဲ ဗြုံးဆိုအကွေ့အချိုးတခုကို ရောက်သွားပြီး အမေရိကန်တွေ အကုန်ထွက်ပြေးရတာဖြစ်ပါတယ်။ စစ်တိုက်နေတဲ့ စစ်ဗိုလ်တွေက နိုင်ရမှဿကိက်ပါတယ်။ အရှုံးအနိုင်ပြတ်ပြီးမှ စကားပြောချင်ပါတယ်။ သေနတ်နဲ့ပြောပြီးးမှ ပါးစပ်နဲ့ပြောချင်ကြတာပါ။ တကယ်တော့ ဗမာပြည်အရေးနဲ့ပတ်သက်လို့ ‘သရေပွဲ’ ထားဖို့ဆိုတဲ့ နိုင်ငံရေးနည်းနာဟာ အသစ်အဆန်းမဟုတ်ပါဘူး။ သခင် ကိုယ်တော်မှိုင်းရဲ့ ‘သူမနာကိုယ်မနာ သင်ပုန်းချေရေး’ နည်းဟာ ‘သရေပွဲ’ အဖြစ် လက်ခံတဲ့နည်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒါကို ဖဆပလအစိုးရနဲ့ စစ်ဗိုလ်တွေက “အဖိုးကြီးဟာ သူပုန်တွေအတွက်ရှေ့နေလုပ်တယ်” လို့ ပစ်ပစ်ခါခါပြောပြီး အပြုတ်တိုက် ရေးကို လုပ်ကြတာနဲ့ ပြည်တွင်းစစ်ကြီးဒီနေ့အထိမပြီးမပြတ်ဖြစ်နေရတာပါပဲ။
မဆလခေတ်မှာ ဒေါက်တာမောင်မောင်ဟာ ဗိုလ်နေ၀င်းရဲ့ ရုပ်သေးရုပ်တရုပ်သက်သက်ဖြစ်ပါတယ်။ သူအာဏာရ လိုက်တဲ့ ရက်ပိုင်းလေးအတွင်းမှာပြောခဲ့တာဟာ ‘စေ့စပ်ဆွေးနွေးပွဲ’ ခေါ်တာမဟုတ်ပါဘူး။ ‘စကားပြောပွဲ’ နည်းနဲ့ အချိန်ဆွဲချင် တာပါ။ ဒါကို ဘယ်သူကမှ ၀မ်းမပါးခဲ့ဘူးဆိုတာ အဲဒီကာလဖြတ်သန်းဖူးသူတိုင်းမှတ်မိကြပါတယ်။ သူက အပျော့ဆွဲဆွဲပြီး “လူ ထုအုံကြွမှု” ကို ရပ်ပေးအောင် လှည့်စားတာဖြစ်ပါတယ်။ ကြောင်ချေးပရိယာယ်ပါ။ သူ့စကားထဲမှာ တကသ အဆောက်အဦ ကြီးကိုသူတို့ခေါင်းဆောင်မှုနဲ့ ပြန်ဆောက်ကြဖို့ဆိုတာတောင် ပါသေးတာပဲ။ ဒီစကားမျိုးကို ဗိုလ်နေ၀င်းက အပြောမခိုင်းရင် ဒေါက်တာ (ဗိုလ်) မောင်မောင် ကပြောဝံ့ပါ့မလား။”
နိုင်ငံရေးမှာ ရိုးအထုံထိုင်းနေသူ နာတတ်ပါတယ်။ ဒေါက်တာ (ဗိုလ်) မောင်မောင်ရဲ့ စကားတွေထဲမှာ ကွယ်ဝှက် ထားတဲ့ အဓိပ္ပာယ်တွေ အများကြီးပါနေတာကို သတိပြုသင့်ပါတယ်။
‘အသံတိတ်နေတဲ့အများစုကြီး’ ဆိုတဲ့စကားရဲ့အဓိပ္ပာယ်။
‘တကသ အဆောက်အဦကို ပျော်ပျော်ပါးပါး ပြန်ဆောက်ကြပါစို့’ (ထင်ပါရဲ့) ဆိုတာရဲ့အဓိပ္ပာယ်။
‘၁၉၇၄ (မဆလ) အခြေခံဥပဒေ’ ကို ပြုပြင်သင့်တာပြင်ဖို့ဆိုတဲ့ အဓိပ္ပာယ် စသဖြင့် စကားတိုင်းရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကို တွေ့အောင်ကြည့်တတ်ရပါမယ်။
အလားတူပဲ ဗိုလ်သန်းရွှေတို့က ‘စကားပြောတယ်’ ဆိုတာရဲ့ နောက်ကွယ်မှာ ဖုံးဝှက်ထားတဲ့အဓိပ္ပာယ်ကိုလည်း ကျွန်တော်တို့ ထိုးထွင်းကြည်တတ်ဖို့လိုပါတယ်။ ကျွေးရင်ကျွေးတိုင်းစားတဲ့ အရွယ်တွေမဟုတ်ကြတော့ပါဘူး။

(ရဲဘော်ဖိုးသံချောင်း)

ဆက်ဖတ်ရန်...

ပျိုးခင်းကိုဝင်

ဒဂုန်တာရာ

(က)
ကျွန်တော့်မိတ်ဆွေ အယ်ဒီတာတယောက် ဆောင်းပါးတောင်းရန် ရောက်လာသည်။ တကယ် တိတိကျကျ ရေးရရင်တော့ အယ်ဒီတာဟောင်းဟု ရေးရမည် ထင်သည်။ သို့သော် သူက သူထုတ်ဝေမည့် စာစောင်သစ်အတွက် ဆောင်းပါးလာတောင်းသည် ဆိုတော့ အယ်ဒီတာဟု ရေးလည်း ရနိုင်သည်။ အခြား ဝေါဟာရဖြင့် သုံးရလျင် သတင်းစာဆရာ ဟူ၍ ဖြစ်မည်။
'သတင်းစာဆရာ' ဟူသော ဝေါဟာရမှာ အဓိပ္ပါယ် ကျယ်ဝန်းလှသည်။ သတင်းစာဆရာ၊ ဂျာနယ်၊ မဂ္ဂဇင်း အယ်ဒီတာကို ယေဘူယျအားဖြင့် သတင်းစာဆရာဟု ခေါ်ကြသည်။ (သတင်းစာဆရာကို စာရေးဆရာဟုတော့ မခေါ်ကြတော့။)
"ဘယ်လို စာစောင်မျိုး ထုတ်မှာလဲ"
'သတင်းနဲ့စာပေ ဆောင်းပါး မျိုးစုံ' ကျွန်တော် အကြမ်းဖျင်း နားလည်လိုက်သည်။ အယ်ဒီတာက ဆက်လက်၍ 'ဒိုင်ဂျက် သဘောမျိုး ဆန်ဆန်' 'ဒိုင်ဂျက်' ဟူသော စကားလုံး အဓိပ္ပါယ်ရင်းမှာ 'အစာကြေညက်ခြင်း' ဟူ၍ဖြစ်သည်။ မြန်မာဆန်ဆန်ပြောရလျင် မိခင်က ကလေးပေါက်စကို အစာဝါးပြီး ကျွေးခြင်းကို တင်စားသည့် သဘောပင်။ စာစောင် စာအုပ်များထဲမှ ကောင်းနိုးရာရာ ရွေးချယ်ကာ အတိုချုံးပြီး ဖော်ပြသော နည်းဖြစ်သည်။ အချိန်အနည်းငယ်နှင့် ဖတ်နိုင်အောင် တင်ပြသော နည်းဖြစ်သည်ဟု ဆိုရမည်။ ကြေညက် အောင် ၀ါးပြီးသား စားရခြင်း ဖြစ်၍ မိမိက အစာချေရန် အားထုတ်စရာ မလိုတော့။ အထူးသဖြင့် အချက်အလက်ကိုသာ အခြေခံသော 'သတင်းပေး' ဆောင်းပါး အမျိုးအစားက များသည်။ ကမ္ဘာအရပ်ရပ်တွင် ယင်း 'ဒိုင်ဂျက်' များ ခေတ်စားသည်။ ဒိုင်ဂျက်တွင် ဆောင်းပါး အသစ်မပါ။ ပါပြီးသား ဆောင်းပါးတွေထဲက ထုတ်နှုတ်ဖော်ပြခြင်း သာဖြစ်သည်။ ယင်း ဒိုင်ဂျက် မဂ္ဂဇင်းစာစောင်များမှာ ဖတ်ချင်စဖွယ် ဘာသာရပ် စုံကြသည်။ စာအုပ်ကဏ္ဍ ဟူ၍ တခန်းဖွင့်ကာ နာမည်ကြီးစာအုပ်၏ အတိုချုံးစာ (၀ါးပြီးသားစာ) ပါသည်။ စာစောင်များများ ထုတ်ဝေသော နိုင်ငံကြီးများတွင် ဒိုင်ဂျက်သည် လူကြိုက်များသည်။ ပင်ရင်းစာများကို အချိန်ကုန်ခံ ဖတ်စရာမလိုပဲ ဒိုင်ဂျက်ဖတ်ရုံနှင့် သိနိုင်သည်ဟု ဆိုကြသည်။
ယခု ကျွန်တော့် မိတ်ဆွေအယ်ဒီတာ ပြောသည့် ဒိုင်ဂျက်ဆန်ဆန် ပုံစံမှာ အခြားနိုင်ငံတို့မှ ဒိုင်ဂျက် စစ်စစ်ပုံစံ မဟုတ်ပဲ ဘာသာရပ်စုံ သဘောသာ ယူမည်ဟု ခန့်မှန်းရသည်။
'သတင်းပေးတဲ့ ပုံစံကကော'
'သတင်းဆောင်ပါး သဘောပါပဲ'
ကျွန်တော် နားလည်လိုက်ပါပြီ။ အမေရိကန် တိုင်းမဂ္ဂဇင်းဟန်မျိုး ဖြစ်မည်။ ထွက်လာမှ သူ့ပုံပန်းကို မြင်ရတော့မည်။ သတင်းနှင့်စာပေဟု ပြောရာတွင် ရသစာပေဖြစ်သော ၀တ္ထု၊ ကဗျာတို့တော့ ပါဝင်မည် မထင်ပေ။
ယနေ့ခေတ် ဝေါဟာရနှင့် ဆိုလျင် သုတနှင့် ရသ။ သုတမှာ သတင်း၊ ရသမှာ စာပေ (ရသစာပေ)။
ကျွန်တော့်မိတ်ဆွေ စီစဉ် ထုတ်ဝေမည့် စာစောင်မှာ သည်ဘောင်အတွင်းထဲမှ ဖြစ်မည်။ ရသစာပေအကြောင်း ဆောင်းပါးများ ပါချင်ပါမည်။
ကျွန်တော့်ထံ ဆောင်းပါးလာတောင်းသည်ကို ထောက်၍ ရသစာပေအကြောင်း ရေးသားသည့် ဆောင်းပါးများကို လိုချင်၍ ဖြစ်မည်။
ကျွန်တော်က သုတသမားမဟုတ်။

(ခ)
'သတင်း' ဟူသော အဓိပ္ပါယ်မှာ ကျယ်ဝန်းသည်။ သတင်းစာတွင်ပါသော သတင်း၊ နေ့စဉ်ဖြစ်ပျက်နေသော သတင်းဖြစ်သည်။ သတင်းကို ဝေဖန်ချက်နှင့် ဖော်ပြခြင်းမျိုး ရှိသည်။ အထူးသဖြင့် ဂျာနယ်များက ယင်းအလုပ်ကို လုပ်ကြသည်။ သတင်းနှင့်ထင်မြင်ချက် ဖြစ်သည်။ သတင်းကို ရသဟန်ဖြင့် ဖွဲ့နွဲ့ခြင်းမျိုးလည်း ရှိသည်။ မစ္စက်ဂန္ဒီ လုပ်ကြံခံရသော အကြောင်း ဖော်ပြရာတွင် လုပ်ကြံခံရပုံကို ၀တ္ထုပမာ မြင်ကွင်းပေါ်အောင် ဖွဲ့နွဲ့ပြီး မစ္စက်ဂန္ဒီ၏ သမိုင်း ကြောင်းကို ခြေရာကောက်ထားသည်။ ရသဟန် သတင်းဝေဖန်ချက် ဆောင်းပါးဟု ဆိုရ ပေမည်။
'သတင်း' ဆိုသည်မှာ လူ့အကြောင်း၊ လူသိများအောင် ဖြန့်ဝေသော စာပေအမျိုးအစား ကို အမည်ပေးထားသော အနုပညာဝေါဟာရ ဖြစ်သည်။ သုတဟု ယခုခေါ်နေကြသည်။ ခံစားမှု အနုပညာဟန် အဖွဲ့အနွဲ့နှင့် မတူ။ ရသစာပေနှင့် မတူ။
ယခုအခါ လစဉ်မှန်မှန် ထုတ်ဝေသော စာစောင်၊ မဂ္ဂဇင်းများ ၃၀ခန့် ရှိမည်ထင်သည်။ တခါမျှ သည်လောက် များများ မရှိခဲ့။ ၀မ်းသာစရာပင်။ ကောင်းသောလက္ခဏာဟုပင် ဆိုရမည် ထင်သည်။ ယခု နှစ်ဆန်းတွင် မဂ္ဂဇင်းသစ်များ စီရရီ ထွက်လာကြသည်မှာ အားရစရာပင်။
မဂ္ဂဇင်းများမှာ ဘာသာရပ်လဲ စုံသည်။ ဘာသာရပ် အခေါ်အဝေါ် အမည်များဖြင့်ပင် ထုတ်ဝေကြသည်။ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ၊ သိပ္ပံ၊ ဗေဒင်၊ အမျိုးသမီး၊ ဘာသာရေး.. စသည် စုံသည်။
ယင်း မဂ္ဂဇင်းစာစောင်များတွင် သတင်းပေးအင်အား၊ သုတအင်အားက ကောင်းနေ သည်။ 'ထူးပေ့ဆန်းပေ့သည်' သုတများကလည်း မနည်း။ ကမ္ဘာပေါ်တွင် အရပ်အရှည်ဆုံးလူ၊ ခေါက်ဆွဲအစားနိုင်ဆုံး ယောက်ျား၊ ဆန်တပြည်တွင် ဆန်စေ့ဘယ်နှစ်လုံးပါသည်... စသည်မျိုး။ အရောင်းရ တွင်ကျယ်သည်ဟု ကြားရသည်။ စီးပွါးရေးလုပ်ငန်းအနေဖြင့် အောင်မြင်သည်ဟု ဆိုနိုင်သည်။ ယင်းမဂ္ဂဇင်းများတွင် ရသ အင်အားကတော့ နည်းနေသည်။
'အခု ထုတ်နေကြတာကတော့ ရောတိရောရာတွေက များတယ်၊ ခင်ဗျားကကော ရည်ရွယ်ချက် ရှိသလား'
ရင်းနှီးသူမို့ မေးလိုက်ရခြင်း ဖြစ်သည်။
'မျိုးဆက်သစ် လူငယ်တွေအတွက် ရည်ရွယ်တာပဲဗျာ'
ကြိုက်သွားပြီ။
ကျွန်တော့်မိတ်ဆွေမှာ လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများတွင် ပါဝင်ဖူးသူ၊ ကျောင်းဆရာ လုပ်ဖူးသူ ဖြစ်၍ စာအုပ်ကုန်သည်များထက်တော့ သာမည် ထင်ရသည်။
'ကျွန်တော် ဘာရေးပေးရမလဲ'
'ကြိုက်ရာရေး'
ကြိုက်သွားပြန်ပြီ။
'မျိုးဆက်သစ် လူငယ်တွေအတွက်' ဟူသော ရည်ရွယ်ချက်၊ ကျွန်တော် ကြိုက်သော ရည်ရွယ်ချက်။ မိမိ လုပ်နိုင်တာ မလုပ်နိုင်တာ အပထား။
လွန်ခဲ့သော ၁၅နှစ်ကျော် အနှစ် ၂၀ အတွင်းက ကျွန်တော်ရေးခဲ့သော စာများမှာ မျိုးဆက်သစ် လူငယ်များသို့ ဓမ္မဓိဌာန်အားဖြင့် ရည်မှန်းခဲ့သည်။ သူတို့ ဖတ်စေချင်သည်၊ သူတို့ ဆိုသည်မှာ လူငယ် စာဖတ်ပရိသတ် ဖြစ်သည်။
ယင်းသို့ ခံစားသည်မှာ အကြောင်းမဲ့ မဟုတ်။ မျိုးဆက်ကွာဟမှုကို ဆက်ပေးချင်၍ ဖြစ်သည်။ ကျွန်တော်က ခေတ်တခေတ်ကို ထူထောင်သူမဟုတ်။ ကျွန်တော်က နိုင်ငံရေးသမား မဟုတ်။ ကြိုးဆက်သည့် အလုပ်တော့ လုပ်ချင်သည်။
အတိတ်ကြိုးဆက်နှင့် ပစ္စုပ္ပန်ကြိုးဆက်။ အတိတ်မှ ပစ္စုပ္ပန် သို့ရောက်၍၊ ပစ္စုပ္ပန်မှ အနာဂတ်သို့ ရောက်မည်။ သည်ကြိုးမှာ တဆက်တည်းဖြစ်သည်။ ဆက်ထုံးမရှိရ။ အတိတ်ကောင်းမှ ပစ္စုပ္ပန်ကောင်းမည်။ ပစ္စုပ္ပန်ကောင်းမှ အနာဂတ်ကောင်းမည်။ ပဒိုင်းပင် မျိုးစေ့ ကြဲပြီး၊ ပန်းခူးချိန်တွင် နှင်းဆီပန်းခူးချင်၍ ရမည် မဟုတ်ပေ။ မျိုးဆက်ဆိုသည်မှာ မျိုးစေ့။ ငှက်ကလေးတကောင်က အပွင့်ကို ချီ၍ တော၊ တောင်၊ မြစ်၊ ချောင်း ကျော်ကာ ကြဲချ၍ မျိုးစေ့ပွါးသွားခြင်း မဟုတ်လား။
ကြိုးဆက်သူမှာ အတိတ်ကြိုးနှင့် ပစ္စုပ္ပန်ကြိုးစတို့၏ အင်အားနှင့် အမျိုးအစားတို့ကို လေ့လာရသည်။ စစ်ဆေးရသည်။ မလေ့လာ၊ မစစ်ဆေး၍ မဖြစ်။ သံမဏိကြိုးနှင့် အပ်ချည်စ ဆက်ပေး၍ ရမည်မဟုတ်။ ခိုင်မည်လည်း မဟုတ်။ သည်တော့ ကြိုးဆက်သူ ကျွန်တော်က တောက်ပသော အတိတ်ကို ဖော်ရသည်။ မဖော်၍ မဖြစ်။ အတိတ်သံမဏိကြိုးကို ရှာရသည်။
ကျွန်တော် ဖော်ပြသော အတိတ်က ပုဂံခေတ်မဟုတ်။ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် လဲ မဟုတ်။ ကျွန်တော်က မှန်နန်းရာဇ၀င်တော်ကြီးကို ရွတ်ပြနေသည် မဟုတ်။ ကျွန်တော်က ကျွန်တော့် ခေတ်ပြိုင်ကိုသာ လေ့လာသည်။ ကျွန်တော်မီသော၊ တွေ့ကြုံခံစားရသော၊ ရာစုနှစ်ဝက်မျှ ရှိသော ခေတ်ပိုင်းကိုသာ ပြောသည်။ ကျွန်တော်မမီသော ခေတ်ကို မပြော။ ၀ံသာနုခေတ်ကို မပြော၊ ကျွန်တော်မမီ။ ကျွန်တော်မီသော ၁၉၃၆ ကျောင်းသားသပိတ်၊ ၁၃၀၀ ရာပြည့် အရေးတော်ပုံခေတ်မှ စ၍သာ ပြောသည်။ ကျွန်တော် ခံစားခဲ့သည့် ခေတ်ပြိုင်သမိုင်း အမြင်ဖြင့် ကြည့်လျင်တော့ အနှစ် ၅၀ ဆိုသည်မှာ ဘာမျှမရှိ။
ကျွန်တော်က အတိတ်က သံမဏိကြိုးဆက်ကိုသာ ရွေး၍ လေ့လာခြင်း ဖြစ်သည်။
ကျွန်တော်က အတိတ်သံမဏိ ကြိုးဆက်နှင့် ပစ္စုပ္ပန်ကြိုးစ သံမဏိမျှင်ကိုသာ ဆက်ချင် သည်။ (ပစ္စုပ္ပန်ကြိုးမျှင် တို့မှာလည်း နိုင်လွန်ကြိုးမျှင်၊ ဒစ္စကိုကြိုးမျှင်၊ ထိုင်းကော်တွန်မျှင်တို့ ရောနှောလျက် ရှိသည် မဟုတ်လား။) သံမဏိ-သံမဏိချင်း ဆက်မှသာ အမျိုးမှန်မည်၊ မျိုးဆက်မှန်မည်၊ မျိုးစေ့မှန်မည်။ ပစ္စုပ္ပန် မျိုးစေ့မှန်မှ အနာဂတ်မျိုးဆက်ကောင်းမည်။
ကျွန်တော် ဖော်ပြသော အတိတ်က အနော်ရထာမင်းစောခေတ် မရောက်။ ကျွန်တော်၏ လူငယ်ဘ၀ အတွေ့အကြုံကာလပိုင်း၊ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုခေတ်၊ ဒီမိုကရေစီ လူထုလှုပ်ရှားမှုခေတ် တို့သာဖြစ်သည်။ ၁၉၆၀ ခုနှစ်ကို အလယ်ဗဟိုထား၍ စောစောဘက်ခေတ် အတိတ်ကာလကို သာပြောသည်။
'မျိုးဆက်သစ်လူငယ်' ဟူသော စကားရပ်က ရွေ့လျားနေသော စကားရပ် ဖြစ်သည်။ အချိန်ကာလ ခုနှစ် သက္ကရာဇ်ဖြင့် ဖော်ပြရန်ခက်သည်။ ယခု ၁၉၈၅ ကနေကြည့်လျင်၊ ဆယ်ကျော်သက်မှ အသက်သုံးဆယ်ကျော် အရွယ်ပိုင်းများကို 'လူငယ်' ဟု နားလည်ရသည်။ ယခုအခါ ကျွန်တော်က 'လူကြီး'၊ လွန်ခဲ့သော အနှစ် ၄၀ ကျော် ၅၀ ခန့် ကာလအတွင်းက ကျွန်တော်က လူငယ်။ ကျွန်တော်၏ 'လူငယ်' ဘ၀အတွေ့အကြုံကို 'လူငယ်' တို့အား ဝေငှခြင်း ဖြစ်သည်။ လူငယ် လူငယ်ချင်းမှ စာနာနိုင်မည် မဟုတ်လား။
မနေ့က မျိုးစေ့၊ ယနေ့ မျိုးဆက်။ မနက်ဖြန် မျိုးစေ့၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်။
မျိုးစေ့မှန်သည်၊ ကောင်းသည်။ သို့သော် မျိုးဆက်ထဲတွင် အဖြုန်းကလေးများ၊ စုန်းပြူးကလေးများတော့ ကြားညှပ် ပါတတ်သေးသည်ကို သတိပြုမှ ဖြစ်မည်။ ပျိုးထောင်မှု၊ ပေါင်းသင်မှု၊ ကောင်းမှ မျိုးဆက်ကောင်းမည်။ အသီးအပွင့် လှပမည်။
မျိုးဆက်သစ် လူငယ်ကို စိတ်ဝင်စားသော ကျွန်တော့် မိတ်ဆွေအယ်ဒီတာ မျိုးစေ့ကောင်း ကြဲနိုင်ပါစေသတည်း။

ဒဂုန်တာရာ
ဖေဖော်ဝါရီ၊ ၂၁ ၁၉၈၅။
[စာမော်ကွန်းမဂ္ဂဇင်း၊ ဇွန်လ၊ ၁၉၈၅ မှ ကူးယူဖော်ပြတယ်။]

ဆက်ဖတ်ရန်...

Wednesday, May 14, 2008

ကွန်မြူနစ်ပါတီကြေညာစာတမ်း ထုတ်ဝေခြင်း နှစ် ၁၆၀ မြောက်နေ့ကို အထိမ်းအမှတ်ပြုခြင်း

(၁) လွန်ခဲ့တဲ့အနှစ် (၄၀)ကျော်၊ ကျွန်တော်ကျောင်းသားဘ၀က ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ သူ့ရဲ့လမ်းညွန်အတွေး တွေးအခေါ်ဖြစ်တဲ့မာ့က်စ်လီနင်ဝါဒနဲ့ မော်စီတုန်းအတွေးအခေါ်တို့ကို စတင်စိတ်ဝင်စား၊ လေ့လာလိုက်စားတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ရှေ့ကနောင်တော်မျိုးဆက်ရဲဘော်ကြီးများက ကွန်မြူနစ်ကြေညာစာတမ်းကို လေ့လာဖို့ တာ ၀န်ယူစိတ်ရှိစွာနဲ့ တိုက်တွန်းလာတယ်။ ဒါနဲ့ ကွန်မြူနစ်ကြေညာစာတမ်းကို လိုက်ရှာပါတယ်။ ကျွန်တော်တို့ခေတ် ကဗိုလ်နေ၀င်းတက်စခေတ်မို့ အဲ့ဒီလိုစာအုပ်မျိုးတွေကို စာအုပ်အဟောင်းဈေးတန်းတွေမှာ အလွယ်တကူ လိုက် ရှာလို့ရပါသေးတယ်။ ကျွန်တော်လည်း အဲဒီလိုလိုက်ရှာဝယ်ခဲ့တယ်။ နှစ်တွေကြာသွားပြီးမို့ ဘယ်စာအုပ်တိုက်က ထုတ်တယ်။ တန်ဖိုးဘယ်လောက်စတာတွေကို မမှတ်မိတော့ပါဘူး။ မှတ်မိတာကတော့ အဲဒီစာအုပ်ရဲ့ အဖုံးဟာ အနီရောင်ဆိုတာပါပဲ။
အခုတော့ အဲဒီကွန်မြူနစ်ကြေညာစာတမ်းလို့ အလွယ်တကူခေါ်၊ နှုတ်ကျိုးနေတဲ့ ကွန်မြူနစ်ပါတီ ကြေညာစာတမ်း ထုတ်ဝေတာ လာမယ့် ၂၀၀၈ ဖေဖော်ဝါရီလဆိုရင် နှစ် ၁၆၀ တင်းတင်းပြည့်ပါတော့ မယ်။
ဒီစာအုပ်ဟာ ကွန်မြူနစ်များရဲ့ လက်စွဲကျမ်းတဆူဖြစ်တယ်။ ဗမာပြည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီက နှစ် ကြိမ်တောင်ထုတ်ဝေခဲ့ပြီးပါပြီ။ ဗမာပြည်မှာကွန်မြူပါတီကြေညာစာတမ်း ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တာနဲ့ ပတ်သက်လို့ ပါတီရဲ့လွတ်မြောက်ဒေသ ဘာသာပြန်နဲ့ စာပုံနှိပ်တိုက်က ဒုတိယအကြိမ် ပုံနှိပ်ထုပ်ဝေတဲ့ ကွန်မြူ နစ်ပါတီကြေညာစာတမ်း စာအုပ် အမှာစကား မှာ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင် ဗသိန်းတင်က ခုလိုရေးထားတယ်။
၁၉၄၇ ခုနှစ်က လန်ဒန်မှာ ကျင်းပတဲ့ ဗြိတိသျှအင်ပါယာအတွင်းရှိ ကွန်မြူနစ်ပါတီများ ကွန်ဖရင့်မှာ ဆုံးဖြတ် ချက်တစ်ခု ချခဲ့တယ်။ ဒီဆုံးဖြတ်ချက်ကတော့ ၁၉၄၈ ခုနှစ်ဟာ ကွန်မြူနစ်ကြေညာစာတမ်း ထုတ်ပြန်တာ အနှစ် ၁၀၀ ဖြစ်တဲ့အတွက် တတ်နှိင်တဲ့ကွန်မြူနစ်ပါတီများက မိမိတို့တိုင်းရင်းသားဘာသာစကားဖြင့် ဘာသာပြန်ပုံနှိပ် ထုတ်ဝေကြရာနှင့် မိတ္တူ ၅အုပ်မှ ၁၀ အုပ်လောက်ကို လန်ဒန်မြို့ရှိ မာ့က်စ်အထိမ်းအမှတ် ဗိမ္မာန်မှာ ထားရှိရန် ဆုံး ဖြတ်ခဲ့တယ်။
ဒီိအစည်းအဝေးကို ကျနော်တို့ပါတီကလည်း ကိုယ်စားလှယ်အဖွဲ့ စေလွတ်ခဲ့တယ်။

ဒီဆုံးဖြတ်ချက်အတိုင်း ၁၉၄၈ ခုနှစ်စောပိုင်းမှာ ဗမာပြည်ကွန်မြုနစ်ပါတီ ဗဟိုကော်မတီက ဒီိစာအုပ်ကို ဘာ သာပြန်ပြီး ထုတ်ဝေခဲ့တယ်။ မိတူ ၁၀စော်ကိုလည်း လန်ဒန်မြို့ရှိ မာ့က်စ်အထိမ်းအမှတ် ဗိမာန်သို့ပို့ခဲ့တယ်။
ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခြင်းကို ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ ပြည်သူ့အာဏာ စာပုံနှိပ်တိုက် ရန်ကုန်က ထုတ်ဝေခဲ့တယ်။ ဒုတိယအကြမ်ကိုတော့ အထက်မှာဖော်ပြထားတဲ့အတိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ လွတ်မြောက်ရေးဒေသ ဘာသာပြန်နဲ့ စာပုံနှိပ်ဌာက ၁၉၇၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
စစ်အေးခေတ် အဆုံးသတ်သွားတော့ အရင်းရှင်ဂိုဏ်းသားတွေက ဆိုရှယ်လစ်စနစ် ကမ္ဘာပေါ်က ပျောက် ကွယ်သွားပြီး မာ့က်စ်ဝါဒ ရှုံးနိမ့်သွားပြီး မာ့က်စ်ဝါဒ ခေတ်မမီတော့ဘူး စသဖြင့် အမျိုးမျိုးဝါဒဖြန့်နေတဲ့ကြားကပဲ ကွန်မြူနစ်ပါတီကြေညာစာတမ်း ဟာဘာသာပေါင်း ၂၀၀ကျော်အထိ ပုံနှိပ်ထုတ်ဝေခဲ့ရပြီး ဒီနေ့ကမ္ဘာပေါ်မှာ အ ကျယ်ပြန့်ဆုံးပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ်ဖြစ်တယ်ဆိုတဲ့သတင်း ၁၉၉၈ ခုနှစ် ကြေညာစာတမ်းထုတ်ဝေပြီး နှစ် ၁၅၀ အကြာမှာထွက်ပေါ်ခဲ့တယ်။
ကျွန်တော်တို့ပါတီရဲ့ မှတ်တမ်းများအရ ဒီကျမ်းထုတ်ဝေတာ ၁၄၀ ပြည့်နှစ်ဖြစ်တဲ့၊ စစ်အေးခေတ်အဆုံးမ သတ်မီ ၁၉၈၈ခုနှစ်အထိ ကမ္ဘာ့ဘာသာစာပေပေါင်း ၁၀၀ကျော်မျှလောက်သာ ပုံနှိပ်ထုတ်ဝေရသေးတယ်လို့ ပြော နိုင်ပါတယ်။ ဒါကိုဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အာဘော်ပြည်သူ့အာဏာ ဂျာနယ် (၁၉၈၈ ခု၊ အမှတ် ၂) မှာဖော်ပြ ခဲ့ဖူးတယ်။
အဲဒီနောက် ၁၀နှစ်ကျော်ကြာသွားပြီး ဒီကျမ်းထုတ်ဝေတာ နှစ်ပေါင်း၁၅၀ ကျော်ကြာသွားတဲ့အခါ ဘာ သာပေါင်း ၂၀၀ ကျော်နဲ့ ဘာသာပြန်ထုတ်ဝေရတဲ့အထိ တိုးတက်လာတယ်။ ၁၀နှစ်တာကာလအတွင်း ဘာသာပေါင်း၁၀၀ကျော် တိုးတက်လာတဲ့သဘောပဲ။ ဒီ၁၀နှစ်ကျော်ကာလဟာလည်း သာမန်၁၀နှစ်တာကာလ မဟုတ်ဘဲ၊ ဆိုရှယ်ဝါဒ၊ ကွန်မြူနစ်ဝါဒအနေနဲ့ ပြင်းထန်လှတဲ့ အကွေ့ကောက်၊ ရှုံးနိမ့်မှုကြီးကို ရင်ဆိုင်နေရတဲ့ကာ လ၊ မာ့က်စ်ဝါဒခေတ်မမီတော့ပါဘူးလို့ အရင်းရှင်ဂိုဏ်းသားတွေက အကြီးအကျယ်ဝါဒဖြန့်နေတဲ့ကာလဖြစ်တာကို သတိပြုချင်စရာအလွန်ကောင်းပါတယ်။ ဒါကဘာကိုဖော်ပြနေသလဲ။ အရင်းရှင်းဂိုဏ်းသားတွေ ၀ါဒဖြန့်နေတာနဲ့ ဆန့်ကျင်စွာ ကမ္ဘာ့ပြည်သူတွေဟာ အရင်းရှင်စနစ်ရဲ့ အနိဋ္ဌာရုံတွေကို ကျော်နင်းရေးအတွက် မာ့စ်က်ဝါဒကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာလိုက်စားလိုချင်ကြကြောင်း ဖော်ပြလိုက်တာမဟုတ်လား။
အခုလာမည့် ၂၀၀၈ခုနှစ်ဟာ ကွန်မြူနစ်ပါတီ ကြေညာစာတမ်း ထုတ်ဝေသော နှစ်၁၆၀မြောက် ကာလ ဖြစ်တယ်။ ဒီနေ့ထူးနေ့မြတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက အခက်အခဲ အကျပ်အတည်း အမျိုး မျိုးအကြားကပဲ ကွန်မြူနစ်ကြောညာစာတမ်းကို တတိယအကြိမ် ပုံနှိပ်ထုတ်ဝေဖို့ လုံးပန်းအားထုတ်လျက်ရှိပါ တယ်။
အခုနောက်ဆုံးစူးစမ်းလေ့လာချက်များအရ ကမ္ဘာ့နိုင်ငံအသီးသီးက ကွန်မြူနစ်ပါတီကြေညာစာတမ်းကို ပုံနှိပ်ထုတ်ဝေခဲ့တဲ့ အကြိမ်ပေါင်း ၁၀၀၀ကျော်ရှိသွားပြီးလို့ တရုတ်ဘာသာနဲ့ ထုတ်ဝေတဲ့ မျက်မှောက်ကမ္ဘာနဲ့ ဆိုရှယ်လစ်ဝါဒ ဂျာနယ် (၂၀၀၇ အမှတ်၂)မှာ ဖော်ပြထားတာကို ဖတ်ရှုလိုက်ပါတယ်။
(၂) ဒီကျမ်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံးသော ကွန်မြူနစ်ပါတီ-ကွန်မြူနစ်အဖွဲ့ချုပ်ရဲ့ လုပ်ငန်းစဉ်လည်း ဖြစ်တယ်။ မာ့က်စ်ဝါဒကို ပါတီလုပ်ငန်းစဉ်အဖြစ် ပထမဆုံးအကြိမ်အနေနဲ့ ဖော်ပြလိုက်ခြင်းဖြစ်သလို မာ့က်စ်ဝါဒ ဟာပြည့်စုံကုံလုံတဲ့စနစ်တရပ်အဖြစ် ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်းဖြစ်တယ်။ နိုင်ငံတကာကွန်မြူနစ်လှုပ် ရှားမှုရဲ့ လုပ်ငန်းစဉ်သဘောဆောင်တဲ့ မော်ကွန်းဝင်စာတမ်းလည်းဖြစ်တယ်။ ကွန်မြူနစ်အဖွဲ့ချုပ်ရဲ့ ဒုတိယကွန်ဂ ရက်က တာဝန်ပေးအပ်မှုအရ မာ့က်စ်နဲ့အိန်ဂယ်တို့ဟာ ၁၈၄၇ခု၊ ဒီဇင်ဘာလမှ ၁၈၄၈ခု၊ ဇန်န၀ါရီလအတွင်း ရေးသားခဲ့ကြတာပါ။ အဲဒီနှစ် ဖေဖော်ဝါရီလမှာ ပထမဆုံးအကြိမ်အဖြစ် ဂျာမာန်ဘာသာနဲ့ လန်ဒန်မှာ ထုတ်ဝေခဲ့ တယ်။ အဲဒီနောက် ဘာသာအမျိုးမျိုးနဲ့ ဘာသာပြန်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပုံနှိပ်ထုတ်ဝေခဲ့ကြတယ်။ အဲဒီလို ဘာသာအမျိုးမျိုးနဲ့ ပုံနှိပ်ထုတ်ဝေရာမှာ မာ့က်စ်နဲ့ အိန်ဂယ်တို့က နိဒါန်းရေးပေးကြပါတယ်။ စုစုပေါင်း ၇ကြိမ်အထိ ရှိခဲ့တယ်။
ဒီကျမ်းစာအုပ်မှာ အခန်း ၄ ခန်းပါဝင်တယ်။
ပထမဆုံးအခန်းကတော့ ဓနရှင်များနဲ့ ပစ္စည်းမဲ့များဆိုတဲ့ အခန်းပဲ။ ဒီအခန်းက အရင်းရှင်စနစ်ဟာ မုချပျက်သုဉ်းချုပ်ငြိမ်းပြီး၊ ဆိုရှယ်လစ်စနစ်ဟာ မုချအောင်ပွဲခံလိမ်မယ်ဆိုတဲ့ သမိုင်းဖြစ်ပေါ်တိုးပွားမှုဦးတည်ချက် တို့ကို သက်သေထူပြထားတာပါ။ သမိုင်းခေတ်တိုင်းရဲ့ စီးပွားရေး၊ ထုတ်လုပ်ရေးနဲ့ ၄င်းကဖန်းတီးလိုက်တဲ့ လူမှု ရေးအဆောက်အအုံဟာ ၄င်းခေတ်နိုင်ငံရေးစိတ်ဓါတ်နဲ့ သမိုင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ညွန်ပြလိုက် တယ်။ လူတန်းစားတိုက်ပွဲသမိုင်းဟာ ဖြစ်တယ်ဆိုတဲ့ အမြင်ကိုလည်း တင်ပြထားတယ်။ ဒီအမြင်အရ မျက်မှောက်အရင်းရှင်လူတန်းစား လူ့အဖွဲ့အစည်းကို ခွဲခြားစိတ်ဖြာပြထားတယ်။ အရင်းရှင်လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ဆန့်ကျင်ဖက်ဖြစ်နေတဲ့ အရင်းရှင်လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစား၊ ဒီလူတန်းစား ၂ရပ်ဖြစ်ပေါ် လာမှုဖြစ်တည်လာမှုနဲ့ ဖြစ်ထွန်းတိုးတက်လာမှုတို့ကို ရှင်းလင်းပြထားတယ်။ အရင်းရှင်လူတန်းစားဟာ သမိုင်းမှာ တော်လှန်တဲ့အခန်း ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ စက်မှုလုပ်ငန်းကြီးတွေ ဖြစ်ထွန်းတိုးတိုက်လာတာနဲ့အမျှ ၄င်းက ပဒေသရာဇ်လူတန်းစားကို တော်လှန်တဲ့ လက်နက်တနည်းအားဖြင့် ခေတ်မီတဲ့ ထုတ်လုပ်ရေးစွမ်းအားစုဟာ အရင်းရှင်လူတန်းစားကို သေတွင်းပို့လိုက်တဲ့ လက်နက်ဖြစ်သွားတော့တယ်လို့လည်း ထောက်ပြထားပါတယ်။
ပစ္စည်းမဲ့လူတန်းစားဟာ အရင်းရှင်လူတန်းစားကို မြေမြှုပ်သင်္ဂြိုဟ်သူဖြစ်သလို တကယ့်တော်လှန်တဲ့ လူတန်းစားလည်းဖြစ်တယ်။ ပစ္စည်းမဲ့လူတန်းစားဟာ မိမိရဲ့သမိုင်းပေးတာဝန်ကို အကောင်အတည်ဖော်နိုင်ရေးအ တွက် အရင်းရှင်းလူတန်းးစားကို အကြိမ်းဖက် တွန်လှန်ပြီး မိမိရဲ့ နိုင်ငံရေး စိုးမိုမှုကို ထူထောင်ရမယ်။ အရင်းရှင်လူတန်းစားပျက်သုဉ်းသွားရမှုနဲ့ ပစ္စည်းမဲ့လူတန်းစားအောင်ပွဲရမှုဟာ ခွဲခြားလို့မရနိုင်တဲ့ အရာတွေဖြစ် တယ်လို့ ညွန်ပြလိုက်တယ်။ ဒုတိယအခန်းကတော့ “ပစ္စည်းမဲ့များနဲ့ ကွန်မြူနစ်များ” ကွန်မြူနစ်ပါတီ၊ ပစ္စည်းမဲ့များနဲ့ အခြားအလုပ်သမားပါတီတို့ရဲ့ ဆက်စပ်မှုကို ရှင်းပြထားတယ်။ ကွန်မြူနစ်ပါတီရဲ့ လက္ခဏာ၊ ထူးခြာချက်နဲ့ လုပ်ငန်းတာဝန်များကိုလည်း ရှင်းပြထားပြီး၊ ကွန်မြူနစ်တွေအပေါ် အမျိုးမျိုးသော ပြစ်တင်ဝေဖန်မှုများကို ချေပခဲ့ပါတယ်။ ပစ္စည်းမဲ့လူတန်းစား တော်လှန်ရေးရဲ့ ခြေလှမ်းအဆင့်ဆင့်၊ တာဝန်နဲ့ အထွေထွေရည်မှန်းချက်ကို တင်ပြထားပါသေးတယ်။ ကွန်မြူနစ်ပါတီဟာ တခြားအလုပ်သမား နိုင်ငံရေးပါတီတွေနဲ့ အပြန်အလှန်အတိုက်အခံဖြစ်နေတဲ့ သီခြားနိုင်ငံရေးပါတီမဟုတ်ဘူး။ ကွန်မြူနစ်ပါတီမှာ ပစ္စည်းမဲ့လူတန်းစားတရပ်လုံးရဲ့ အကျိုးစီးပွားမှလွဲလို့ တခြားဘာအကျိုးစီးပွားမှ မရှိဘူး။ ကွန်မြူနစ်ပါတီတွေက ပစ္စည်းမဲ့လူတန်းစားတရပ်လုံးကို အမျိုးသားတရပ်လုံးရဲ့ အကျိုးစီးပွားတလျှောက်လုံး ကိုယ်စားပြုရေးကို အလေးထားပါတယ်။ ကွန်မြူနစ်တွေဟာ လက်တွေ့အကောင်အထည်ဖော်ဆောင်တဲ့လက်မှာ နိုင်ငံအသီးသီးရှိ အလုပ်သမားပါတီများအတွင်း အပြတ်သားဆုံးဖြစ်သလို လှုပ်ရှားမှုအား ရှေ့သို့တိုးတက်သွားရေးကို တလျှောက်လုံး တွန်းဆော်ခဲ့တဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်။ သဘောတရားရေးဘက်မှာ ကွန်မြူနစ်တွေဟာ ပစ္စည်းမဲ့လူတန်းစားလူထုထက် လှုပ်ရှားမှုရဲ့အခြေအနေ၊ ဖြစ်စဉ်နဲ့ ယေဘုယျရလဒ်တွေကို နားလည်ပါတယ်။ သူတို့ရဲ့ လောလောဆယ်ဆယ် ရည်မှန်းချက်ကတော့ ကစ္စည်းမဲ့လူတန်းစားကို လူတန်းစားတရပ်အဖြစ် ဖြစ်တည်စေပြီး အရင်းရှင်လူတန်းစားကို တွန်းလှန်ပြီး၊ သူတို့ရဲ့သဘောတရားကို တစုံတရာသော အဓိပ္ပါယ်အရ စုစည်းပေါင်းချုပ်ဖော်ပြရရင် ပုဂ္ဂလိကပိုင်စနစ်ကို ချေမှုန်းပစ်ရေးလို့ ပြောနိုင်ပါတယ်။
အလုပ်သမားလူတန်းစား တော်လှန်ရေးရဲ့ ပထမခြေလှမ်းဟာ ပစ္စည်းမဲ့လူတန်းစားကို အုပ်စိုးသူလူတန်းစားအဖြစ် မြှင့်တင်ပေးရေးနဲ့ ဒီမိုကရေစီရရှိရေးတို့ ဖြစ်တယ်။ အဲဒီနောက် မိမိရဲ့နိုင်ငံရေးအရ စိုးမိုးထားမှုကို အသုံးချပြီး အရင်းအနှီးအားလုံးကို သိမ်းပိုက်ရပါမယ်။ ထုတ်လုပ်ရေးကိရိယာအားလုံး နိုင်ငံတော် တနည်းအားဖြင့် အုပ်စိုးသူလူတန်းစားအဖြစ် စည်းရုံးထားရှိတဲ့ ပစ္စည်းမဲ့လူတန်းစားလက်ထဲ ထားရှိသွားရမယ်။ ထုတ်လုပ်ရေးစုစုပေါင်းပမာဏကို မြန်နိုင်သမျှမြန်အောင် တိုးတက်စေရမယ်။ လူတန်းစားတည်ရှိမှုနဲ့ ပစ္စည်းမဲ့ လူတန်းစားကိုယ်တိုင်ရဲ့ အုပ်စိုးမှုကို တဖြည်းဖြည်းချင်း ဖျက်သိမ်းပစ်ရလိမ့်မယ်။ ဒီလိုနည်းနဲ့ ပစ္စည်းမဲ့လူတန်းစား ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို လုံးပန်းတိုက်ခိုက် အကောင်အထည်ဖော်သွားရမယ်။ ဆိုလိုတာကတော့ လူတဦးချင်းစီရဲ့ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်ရေးဟာ လူအားလုံးရဲ့ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြောင်းအချက်ဖြစ်တဲ့ အစည်းအရုံးတခုကို ထူထောင်သွားဖို့ဖြစ်တယ်။
တတိယအခန်းကတော့ “ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်စာပေ” ဖောက်ပြန်တဲ့ ဆိုရှယ်လစ်ဝါဒအမျိုးမျိုးနဲ့ ဓနရှင် ဆိုရှယ်လစ်ဝါဒတို့က ကိုယ်စားပြုနေတဲ့ လူတန်းစားအကျိုးစီးပွားကို ဖွင့်ချထားပါတယ်။ စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒဟာ ကွန်မြူနစ်ဝါဒနဲ့ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒရဲ့ နည်းပရိယာယ်၊ အခြေခံမူတွေနဲ့ ကွဲပြားကြောင်းကိုလည်း ရှင်းလင်းဖော်ပြထားတယ်။
စတုတ္ထအခန်းမှာ “ဆန့်ကျင်ဘက်ပါတီအသီးသီးအပေါ် ကွန်မြူနစ်တွေရဲ့ သဘောထား” တဲ့။ ဒီအခန်းမှာ ကွန်မြူနစ်တွေရဲ့ နည်းပရိယာယ်နဲ့ အခြေခံမူတွေကို ရှင်းလင်းပြထားတယ်။ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွား၊ မျက်မှောက်တိုက်ပွဲနဲ့ ကွန်မြူနစ်ဝါဒ ထွေထွေရည်မှန်းချက် အကောင်အထည်ဖေါ်ရေး တိုက်ပွဲတို့ကို အပြန်အလှန်ပေါင်းစပ် အကောင်အထည်ဖော်သွားရေးကို အလေးထားကြရန် ရှင်းပြထားပါတယ်။ ကွန်မြူနစ်တွေဟာ မိမိလူတန်းစားရဲ့ လတ်တလောရည်မှန်းချက်နဲ့ အကျိုးစီးပွားအတွက် တိုက်ပွဲဝင်ကြရမယ်။ ဒါပေမဲ့ လက်ငင်းလှုပ်ရှားမှုဟာ လှုပ်ရှားမှုရဲ့ အနာဂတ်ကိုလည်း ကိုယ်စားပြုရမယ်လို့လည်း ညွှန်ပြထားတယ်။ ကွန်မြူနစ်တွေဟာ တော်လှန်တဲ့ နိုင်ငံရေးပါတီတွေနဲ့ ပေါင်းစပ်နိုင်ရမယ်။ တချိန်တည်းမှာလည်း ပစ္စည်းမဲ့လူတန်းစား နိုင်ငံရေးပါတီရဲ့ အမှိခိုကင်းမှုကိုတော့ စွဲစွဲမြဲမြဲထိန်းသိမ်းသွားဖို့ လိုအပ်တယ်လို့လည်း ညွှန်ပြထားတယ်။ အထူးသဖြင့် ဂျာမန်ကွန်မြူနစ်တွေ ကြုံတွေ့နေရတဲ့ ဂျာမန်ဓနရှင်တော်လှန်ရေးမှာ ကျင့်သုံးတဲ့ သဘောထားတွေကို ညွှန်ပြထားတာပါ။
နောက်ဆုံးဖော်ပြထားတာကတော့ တည်ရှိနေတဲ့ လူမှုစနစ်အားလုံးကို အကြမ်းဖက်တွန်းလှန်နိုင်မှသာ ကွန်မြူနစ်တွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်လိမ့်မယ်။ ဒါကြောင့် “ကမ္ဘာတ၀န်းရှိ ပစ္စည်းမဲ့များ သွေးစည်းညီညွတ်ကြလော့” လို့ ကြွေးကြော်သံတင်ပြထားတယ်။
ဒီကြေငြာစာတမ်းကို ထုတ်ဝေပြီးနောက် ဒီစာတမ်းဟာ တလျှောက်လုံး တိုင်းပြည်အသီးသီးရှိ ကွန်မြူနစ်တွေနဲ့ ပစ္စည်းမဲ့လူတန်းစားတော်လှန်ရေးရဲ့ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ဖြစ်လာခဲ့တယ်။
ဒီနေ့ကမ္ဘာကြီးမှာ အရင်းရှင်စနစ် လွှမ်းမိုးထားဆဲဖြစ်တယ်။ ဓနရှင်လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစားတို့ တည်ရှိနေတုန်းပါပဲ။ ဒီလို လူတန်းစားကွဲပြားမှုတွေ၊ ဖိနှိပ်မှုတွေရှိနေသေးသမျှ “ကွန်မြူနစ်ကြေညာစာတမ်း” ကို လေ့လာသူတွေ ပုံနှိပ်ထုတ်ဝေသူတွေ ရှိနေဦးမှာ မုချမလွဲပါပဲ။

ပြည်သူ့အာဏာဂျာနယ် အမှတ် - ၂၉ မှ ပြန်လည်ဖေါ်ပြပါသည်။

ဆက်ဖတ်ရန်...

လူထုစာဆို ဗားတော့ဗရက်

၁၉၂၀ ခုနှစ်နဲ့ ၁၉၃၀ ခုနှစ်အကြားက ဥရောပတိုက်မှာ စိတ္တဗေဒကို နက်နက်ရှိုင်းရှိုင်း လေ့လာ ခဲ့ကြတယ်။ အဲဒီအခါ စိတ္တဇရှုထောင့် အနုပညာဆရာတွေ ထွန်းကားလာကြတယ်။ ကိုယ်ခံစား ရသလိုရေးတဲ့ ကဗျာဆရာတွေ ဆိုပြီး လူ့လောကဖြစ်ရပ်တွေကို ကိုယ်တဦးတည်း ခံစားချက်နဲ့ မှတ်တမ်းတင်တယ်။ အဲဒီခေတ် ပြင်သစ်ပညာရှင်တွေရဲ့ ဝေဖန်နည်းဖြစ်တဲ့ လူမှုရေးပြဿနာ မှာ လူထုရှု့ထောင့်ကမကြည့်ဘဲ ပညာရှင်အုပ်စုဝင် တဦးရဲ့ ရှု့ထောင့်ကသာ သီးခြားတဦး တည်း (တသီးပုဂ္ဂလ၀ါဒ) အမြင်နဲ့ ငါးပွတ်ရာငါးစာချ ပြစ်တင်မှုပြုတယ်။ ရေတိုဝေဖန်မှုပြုတယ်။ ခြုံငုံတဲ့ နိုင်ငံရေးအဘိဓမ္မာတရပ်ရဲ့ ဦးဆောင်မှုကို မခံယူခဲ့ဘူး။ နောက်ဆုံးတော့ မင်းမဲ့ဝါဒ ဆံဆံ ငါတကောကော စိတ်ပျက်တဲ့လေသံတွေပဲ ထွက်လာကြတော့တယ်။ နိုင်ငံရေး မဆန်ဘူး လေ။

ဂျာမန်စာပေလောကရဲ့ ဘုရားတဆူဖြစ်တဲ့ စာဆိုကြီးဗားတော့ဗရက်ကတော့ တသီးပုဂ္ဂလ၀ါဒ ကို ဆန့်ကျင်ပြီး လူထုခံစားမှုဘက်က ကျယ်ပြန့်စွာ တိုင်းတာရှု့မြင်ပါတယ်။ ပုံစံအားဖြင့်လည်း လူထုက အသိအမှတ်ပြုပြီးလို့ လူထုထဲတိုးဝင်နိုင်တဲ့ ဂီတဆန်တဲ့ကဗျာပုံစံများနဲ့ စပ်ဆိုခဲ့တယ်။ ဗားတော့ဗရက်ဟာ ဟောဒီခေတ်ရဲ့ တဦးတည်းသော လူထုရှု့ထောင့်ကဗျာဆရာ၊ ပုံစံအရ ရော အကြောင်းအရာမှာပါ လူထုနဲ့အတူ အစဉ်ရပ်တည်တဲ့ ကဗျာဆရာ။ တဦးတည်းသော နိုင်ငံရေးကဗျာဆရာရယ်လို့ ဆိုလိုက်ချင်ပါတယ်။

ထင်သလို လွတ်လွတ်လပ်လပ် ကူးသန်းရောင်းဝယ်ရေးဆိုတဲ့ လာဇေဖဲယား ဆိုတဲ့မူဟာ လူတွေကို ဒုက္ခရောက် စေခဲ့ပြီမို့ ကမ္ဘာ့စီးပွားရေးလောကမှာ တယောက်ထဲရှု့ထောင့်က ရပ်တည်လုပ်ဆောင်ခွင့် မပြုတော့ဘဲ အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ စီမံကိန်းအသွင်အမျိုးမျိုး ဖော်ထုတ်နေကြတဲ့ မျက်မှောက်ခေတ်မှာ ယဉ်ကျေးမှုဆိုင်ရာ အခန်းကဏ္ဍမှာလည်းပဲ တဦးတည်းရဲ့ အနေအထားဟာ ဘောင်ကျဉ်းသထက် ကျဉ်းကျဉ်းလာပြီ။ ဗားတော့ဗရက်ဟာ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ခေါင်းဆောင် စာဆိုကြီးတယောက် ဖြစ်ပါတယ်။

ဗရက်ခေတ် ဂျာမဏီဟာ စစ်ရှုံးနိုင်ငံမို့လို့ အဖြစ်အပျက်ကို စိတ်ကူးယဉ်မကြည့်နိုင်ဘဲ ပကတိအခြေအနေ၊ စိတ်မှ အခြားဖြစ်သော အခြေအနေတွေအတိုင်း ရုပ်ပိုင်းကျကျကြည့်ပါတယ်။ ဗရက်ရဲ့ ပထမဆုံးကဗျာစာအုပ်ထဲမှာ အဲဒီသဘာဝကို ဇာစ်မြစ်ထဲအတွင်းနှိုက် ဝေဖန်ရေးနဲ့ တွဲစပ်တင်ပြရှုမြင်ခဲ့တယ်။ ဗရက်ကိုယ်တိုင်ကလည်း ပထမကမ္ဘာစစ်မှာ ၀င်တိုက်ခဲ့တဲ့ စစ်သားဟောင်းကြီးမို့ စစ်ရဲ့ ကြေကွဲစရာကောင်းအောင် လောကကို ဖျက်ဆီးတက်တာ နားလည်ခဲ့တယ်။ အကြင်နာတရားလွှမ်းမိုးမယ့် အနာဂတ်ကမ္ဘာကို မျှော်လင့်ထားတယ်။ ဒါပေမဲ့ အဲဒီ အနိဌာရုံတရားတွေရဲ့ လက်သည်ဟာ မမြင်တွေ့ရမဲ့ ကံတရားကြောင့် တန်ခိုးရှင်ကြီးတွေကြောင့်လို့ အဖြေမထုတ်ဖူး။ ရုပ်ပိုင်းကျကျ အဖြေရှာတယ်။ လူထုဖက်က လူထုခံစားမှုနဲ့ တိုင်းတာပြီး အဖြေထုတ်တယ်။

ဗရက်ခေတ် ဂျာမဏီမှာ အခြေခံလူတန်းစားတွေအတွက် အခွင့်အရေးအပြည့်ပေးမယ့် ဆိုရှယ်လစ်တော်လှန်ရေး လှိုင်းတံပိုးဟာ ပထမပိုင်းမှာ အလွန်ပဲအားကောင်းခဲ့တယ်။ တဖြည်းဖြည်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ယိုယွင်းလာပြီး အချောင်သမားတွေ နေရာတကာမှာ အခွင့်ထူးရပြီး ဇိမ်ခံနိုင်ကြတယ်။ ငွေစက္ကူတန်ဖိုး လျော့လာတယ်။ စီးပွားရေးကြပ်တည်းလာတယ်။ လူထုကြီးရဲ့ ဆင်းရဲခံနေရတာနဲ့ လူတစုဇိမ်ခံနေရတာ သိသိသာသာ ခြားနားလာတယ်။ အပေါ်စီးသမားတွေက အခြေအနေမှန်ကို မခံစားတက်ပေမယ့် ဗရက်အနေနဲ့တော့ လူထုအများစုဟာ ငရဲဘုံထဲမှာလိုပဲ စားဝတ်နေရေး ဒုက္ခပင်လယ်ဝေတာတွေ မြင်ခဲ့ပါတယ်။ တော်လှန်ရေးအသွင်ကနေပြီး အခြေအနေကြပ်တည်းရှုပ်ထွေးမှုကို အခွင်းကောင်းယူ အမြတ်ထုတ်လိုသူတို့ ကြောင့် တန်ပြန်တော်လှန်ရေးအန္တရယ်တွေက အနိုင်ရနေတဲ့ အခြေအနေဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ အခြေအနေဆိုးတွေဟာ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဆိုက်တာနဲ့ ကြုံကြိုက်လို့ ပိုဆိုးဝါးလာပြီး ဘာလုပ်ရမလဲတွေးကြတော့ စိတ်ပိုင်းဆိုင်ရာ အဖြေထုတ်ခြင်းတမျိုးဖြစ်တဲ့ ရုပ်အခြေအနေတို့မှ ကင်းလွတ်သော စိတ်ကူးယဉ် ဖက်ဆစ်ဝါဒအခြေခံတဲ့ စိတ်ကူးယဉ် လူ့ဘောင်ကြီးကို တည်ဆောက်ဖို့ ကြိုးပမ်းသူတို့က အရေးသာကြပါတယ်။ အခြေခံအကျဆုံးကြည့်တဲ့ ဗရက်တို့အုပ်စုကတော့ ပြဿနာတွေဟာ အရင်းရှင်စီးပွားရေး ဆက်ဆံမှုကြောင့်သာ ဖြစ်ကြောင်းတွေ့ရှိလေတော့ နိုင်ငံတော်ရဲ့ယန္တရားကို တော်လှန်ပြောင်းလဲပစ်ရမယ်လို့ နားလည် သဘောပေါက်လာတယ်။ ဗရက်ဟာ နိုင်ငံရေးအယူအဆနဲ့ ခေတ်ကို လှပထက်မြက်အောင် ပေါင်းစပ်ရေးမှာ အစွမ်းကုန် အားထုတ်ခဲ့ပါတော့တယ်။

အဲဒီအချိန်တုန်းက ဂျာမဏီပြည်ရဲ့ အလုပ်သမားတွေဟာ နိုင်ငံရေးအရရော ယဉ်ကျေးမှုအရပါ ဥရောပတိုက်မှာ အတက်ကြွဆုံးပါပဲ။ လက်ဝဲအင်အားစုဟာ စည်းရုံးရေးအရှိန်အဟုန် ကောင်းလှတာမို့ အနုပညာရှင်များစွာပဲ အလုပ်သမားလူတန်းစားဘ၀ကို ခံယူကာ တသီးပုဂ္ဂလဥာဉ်တွေကို စွန့်ပယ်ကြပါတယ်။ ဗရက်ကတော့ အဲဒီကစပြီး သေတဲ့တိုင် ဒီအနေအထားမှာ ရှိတယ်။ လူထုလှုပ်ရှားမှုနဲ့ ကင်းလွတ်တဲ့ စာပေက၀ိကြီးဘ၀ကို ဆန့်ကျင်တယ်။ အဲဒီလို စာဆိုကြီးမျိုးတွေက အနုပညာနဲ့ စိတ်ကွန့်မြူးရုံပဲလုပ်မယ်။ လုပ်ငန်းရဲ့ ယူဆချက်တွေမှာ ထိန်းချုပ်ခြုံငုံတဲ့ သဘောတရားတွေမရှာပဲ ငါးပွတ်ရာငါးစာချပြီး လုပ်ဆောင်ယူဆတယ်။ အမြင့်ဆုံးအဆင့်မှာ ဘာသာရေးယုံကြည်ချက်ဆန်ဆန် ကိုယ်လွတ်ရုန်း အပေါ်ယံလူတန်းစားတွေရဲ့ အမြင်နဲ့ သုံးသပ်တယ်။ ဗရက်ကတော့ မာ့က်စ်ဝါဒကိုလက်ခံလိုက်ပြီး ဘာလုပ်မယ်၊ ဘယ်လိုတိုင်းတာ ဆုံးဖြတ်မယ်လို့ တိတိကျကျ သုံးသပ်တယ်။ အစိုးရကပြဌာန်းတဲ့ ကျောင်းစာအုပ်တွေ၊ သင်ရိုးညွှန်းတန်းတွေ အတိုင်းသင်တယ်။ တပည့်တွေ စိတ်ဝင်စားအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆွဲဆောင်သလိုပဲ လူထုလက်ခံပြီး ကဗျာဖွဲ့နည်း၊ ကဗျာတင်ပြနည်းတွေနဲ့ တော်လှန်ရေးခရီးကို ညွှန်ပြပါတယ်။

အပိုစုလစ်မွမ်းချွန်းတွေကို ဗိသုကာပညာကလည်း ပစ်ပယ်ပြီး လိုအပ်တဲ့၊ လျော်ညီတဲ့ အဆောက်အဦးတွေ ဆောက်တဲ့ခေတ်လေ။ ပန်းပုဆရာတွေကလည်း ဒီလိုပဲ။ ဂျာမန်ဂီတဆရာတွေကလည်း လူစုလူဝေးနဲ့ သံပြိုင် သီဆိုစရာ သီချင်းတွေရေးတယ်။ ပန်ချီဆရာတွေကလည်း လူလက်ခံပြီးနည်းတွေနဲ့ ခံစားမှုကို သိပ်သိပ်သည်းသည်း ကျစ်ကျစ်လစ်လစ်ဖော်ထုတ် စမ်းသပ်တယ်။

ဗရက်ဟာ ဗဲလက်ခေါ်တဲ့ ကျေးလက်ကဗျာနဲ့ ဇာတ်နိပါတ်ခင်းသလိုပြောပြလို့ လူတိုင်းမြင်လွယ်တယ်။ ဂျာမန်ကဗျာတွေကိုယ်၌ကလည်း ဂီတကို သီကျူးနိုင်တဲ့ ကဗျာတွေမို့ ရိုးရာကဗျာဖွဲ့နည်း ပုံစံဘောင်အတွင်းက ဗရက်လည်း ကဗျာဖွဲ့တယ်။ လူထုတွေဝိုင်းဆိုနိုင်တဲ့ တိုက်ပွဲကဗျာတွေ၊ စစ်ချီကဗျာတွေ၊ သရော်ကဗျာတွေ ဖြစ်တယ်။

တခြားကဗျာဆရာတွေလိုတော့ စကားလုံးအပိုတွေ မသုံးချင်ဘူး။ စိတ်ခံစားမှုလွန်ကဲတာ ရှောင်တယ်။ နိမိတ်ပုံတွေကို အကန့်အသတ်နဲ့သုံးပြီး ဇာတ်ခုံပေါ်မှာ တကွက်ချင်း တကွက်ချင်း တင်ပြသလို ထိထိမိမိ ပုံဖော်တယ်။ အသေးစိတ်ကလေးတွေကိုတော့ သတင်းဆောင်းပါးမှာလိုပဲ စီကာစဉ်ကာထည့်သွင်းဖော်ပြတက်လို့ အင်မတန်ပီသတဲ့ သရော်စာကဗျာတွေ ဖြစ်လာပါတော့တယ်။

ဗရက်ဟာ သူလက်ခံတဲ့ ၀ါဒရှုဒေါင့်ဘက်ကနေ ထမင်းမရှိဘဲ စစ်မတိုက်နိုင်ဘူး ဆိုတာမျိုးတို့၊ ပြင်းထန်လှတဲ့ စစ်မြေပြင်ခရီးရဲ့အလယ်မှာ ချစ်မေတ္တာစိတ်ဓါတ်ဟာ မပွင့်လန်းနိုင်ဘူးတို့၊ လူတန်းစားအနေအထားချင်းမတူပဲ ပတ်ဝန်းကျင်ရဲ့ အခြေအနေပေးသလောက်သာ စိတ်ဓါတ်ရဲ့ပျော့ပျောင်းခြင်း၊ ခက်ထန်ခြင်းစတဲ့ အပြောင်းအလဲတွေ ဖြစ်လာရတယ်လို့ လူတန်းစားအနေအထားချင်းမတူပဲ ၀ါဒ လမ်းစဉ်တစ်ရပ်ကို အတူမဖော်ဆောင်နိုင်ဘူးတို့အစရှိတဲ့ အပြောင်းအလဲတွေကို ထူထောင်ကာ ဟစ်တလာရဲ့ အပေါ်စီးစိတ်ထားနဲ့ အတွင်းနှိုက်သုံးသပ်လိုတဲ့ ခံစားနေရတဲ့လူထုတွေရဲ့ မလွဲမသွေ ပဋိပက္ခဖြစ်တော့မယ့် အကြောင်းတွေတင်ပြခြင်းလည်းဖြစ်ပါတယ်။ လုပ်သားလူတန်းစားကို လုံးဝယုံကြည်အားကိုးတယ်။ ဒါပေမယ့် တင်ပြပုံက နည်းပရိယာယ်ကြွယ်ဝပြီး စိတ်ဝင်စားစရာကောင်းတယ်။

ဗရက်ဟာ သူ့ရဲ့ဗဲလက်ကဗျာတွေကို ဂီတာနဲ့တီးလို့ရအောင် သီကုံးခဲ့တယ်။ အိုက်စလာဆိုတဲ့ ဂီတပညာ ရှင်နဲ့တွဲပြီး လိုင်းရစ်ခေါ်တဲ့ ကဗျာမျိုးကို ဇာတ်သဘင်နဲ့ရုပ်ရှင်မှာ ထည့်သုံးဖို့ ဆောင်ရွက်ခဲ့တယ်။ ဗရက်ရဲ့ အလုပ် သမားလှုပ်းရှားမှုနဲ့ ပတ်သက်တဲ့ ကဗျာတွေကို အိုက်စလာက ဂီတသံသွင်းပြီး အပြည်ပြည်ကို ဖြန့်ချီအောင်မြင်ခဲ့ တယ်။ ဂျာမဏီပြည်၊ ရုရှားပြည်၊ အမေရိကန်ပြည်နဲ့ ပြည်တွင်းစစ်ကာလ စပိန်ပြည်တို့မှာ အလုပ်သမားချီတက်ပွဲ တွေလုပ်တော့ အဲဒီသီချင်းတွေဆိုကြတယ်။ မဗျာသာလူတစုသာ နားလည်တဲ့အဆင့်ကနေ လူထုအသုံးတော်ခံ ဘ၀ ရောက်ခဲ့ပါတယ်။ စိတ္တဇဆန်တဲ့ တသီးပုဂ္ဂလ၀ါဒကဗျာတွေ လွမ်းမိုးနေတဲ့ကာလဒေသတွေဖြစ်ပေမယ့် ဗရက်ဟာ ထိုးဖောက်ကျော်ကြားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

စာပိုဒ်ခွဲရာမှာ သံမှန်ကျူးသီးနေရာက ဖြစ်လိုက်နားလိုက်နဲ့ မညီမညာဖော်ပြကာ သူလိုချင်တဲ့အာနိသင် တွေ သက်ဝင်စေတဲ့တာကို ဘာသာပြန်ရာမှာလည်း အဲလိုပဲဖြစ်နေအောင် ကြိုးစားထားလိုက်ပါတယ်။ ဒီစပ်နည်း ကြောင့် ကာရံမဲ့ကဗျာဟာ လှပကြွလာပြီး သာမန်ကဗျာလောက် နားယာဉ်ရမခက်ခြင်း၊ စကားပြေထက်လဲ ပိုမိုထိ ရောက်ခြင်း အကျိုးများရခဲ့ပါတယ်။

နာဇီဝါဒက လက်ဝဲအင်အားစုကို ချေမှုန်းဖြိုခွဲလိုက်တဲ့အခါမှာ ဗရက်ဟာ နာဇီဝါဒဆန့်ကျင်ရေးကဗျာကို ထက်မြက်စူးရှစွာ ပြုစုပါတော့တယ်။ ဟစ်တလာ တက်စကတည်းက တပြည်မှတပြည်ရောက်ပြည်နှင်ဒဏ်အပေး ခံခဲ့ရပါတယ်။ သူ့ကဗျာတွေကို ဂျာမဏီအတွင်း တော်လှန်ရေးရဲ့အသံကို မှတ်ယူကြပါတယ်။ သူဟာ ဟစ်တလာရဲ့ တတိယဂျာမဏီနိုင်ငံတော်ကြီး (သဒ်ရိုက်)ကို သရော်ရေးသားခဲ့ပါတယ်။ အဝေးရောက်ဂျာမန်အမျိုးသားတို့ရဲ့ စာစောင်များကတဆင့်ဖြစ်စေ၊ အသံလွင့်ရုံကတဆင့်ဖြစ်စေ၊ ဒီကဗျာတွေကို ဖြန့်ဖြူးခဲ့တယ်။ ပထမကမ္ဘာစစ်ကြီး ပြီးစကရေးခဲ့တဲ့ စစ်ဆန့်ကျင်ရေး သရော်စာကဗျာတွေကအစ နောက်ဆုံးဖက်ဆစ်ဝါဒရဲ့ ကြောင်သူတော်အရေခွံ ကို တလွာချင်းခွာပြတဲ့ အထက်မြက်ဆုံးကဗျာတွေအထိ အားလုံးပဲဂျာမန်အတွင်း တော်လှန်ရဲ့အသံလည်းဖြစ်ပါ တယ်။ ချွတ်ခြုံကျနေတဲ့ဂျာမန်ယဉ်ကျေးမှု အတွေးအခေါ်ပိုင်းကို ပြင်ဆင်ဖို့ အားထုတ်ခြင်းလည်းဖြစ်ပါတယ်။

ဂျာမန်လူမျိုးအနေနဲ့ဖြစ်စေ၊ ဂျာမန်ယဉ်ကျေးမှုကို ပြန်လည်ထူထောင်ရေးမှာဖြစ်စေ၊ ပြောင်မြောက်အထိ ရောက်ခဲ့သလိုပဲ နိုင်ငံတကာအတွက်လည်း ဗရက်ရဲ့ကဗျာတွေဟာ တန်ဖိုးရှိလှပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ အနိဌာရုံတွေကိုလည်း ခံစားပြီးပြီ။ ကမ္ဘာပျက်လက်နက်ကြီးတွေကလည်း လူသားတချို့လက်ထဲမှာ ဆုပ်ကိုင်လျက်သားရှိနေတာမို့ လူမှုရေးနဲ့နိုင်ငံရေးအဆောက်အအုံကို မျက်ခြည်ပြတ်ဖြစ်သလိုထားလို့ မဖြစ်တော့ ဘူး။ မျက်မှောက်ခေတ်ကို အမွေနှောက်ဆုံးအရေးဆုံးပြသနာတွေကို ဗရက်ဟာ ကဗျာနဲ့ ပြေပြစ်ရှင်းလင်းအောင် ဆွေးနွေးတင်ပြထားပါတယ်။ သူဟာလူထုစာဆိုတစ်ဦးအဖြစ်နဲ့ ကဗျာသစ်တွေဖန်တီးပေးသူဖြစ်ပါတယ်ခင်ဗျား။

အိပ်ခ်ျအာဟေးစ်
(အင်္ဂလိပ်ဘာသာပြန်စာအုပ်နိဒါန်းမှ)
(အိပ်ခ်ျအာဟေးစ်၏ အင်္ဂလိပ်ဘာသာပြန်ကိုမှီး ဂျာမန်ဘာသာမှ တိုက်ရိုက်ပြန်ဆိုသည်။)

ဆက်ဖတ်ရန်...

Thursday, May 8, 2008

ပထမမျိုးဆက်၏ နောက်ခံကား

ဒဂုန်တာရာ

(က)
ပထမမျိုးဆက်၏ နိုင်ငံရေး ယဉ်ကျေးမှု သမိုင်းနောက်ခံကားကို ဖော်ပြမှသာလျင် မျိုးဆက်၏ ၀ိသေသ အချိတ်အဆက်ကို ကောင်းစွာနားလည်ပေမည်။ ၁၉၁၉ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ကျနော်၏ ဆယ်ကျော်သက် အရွယ်သည် ကျနော်တို့၏ ပထမမျိုးဆက်အစဖြစ်သည်ဟု ဆိုနိုင်သည်။ တကယ်ကတော့ ၂၀ ရာစုနှစ်မှ စတင်၍ ရေတွက်ခြင်းမဟုတ်။ သို့သော် ကျနော်မှတ်မိသလောက်ခေတ်များ။ ဆိုပါတော့ ၁၉၂၀ ခုနှစ် ပထမ ကျောင်းသား သပိတ်၊ ၀ံသာနု လှုပ်ရှားမှုကို ကျနော်ကိုယ်တိုင် မီသည်မဟုတ်။ ထိုအခါက ကျနော့်မှာ ကလေးအရွယ်မျှသာ။ သို့သော် ယင်းဝံသာနုခေတ်၏ အသီးအပွင့်ကိုကား ကျနော်ခံစားရသည်။ ထိုခေတ်က အင်္ဂလိပ်ကိုလိုနီခေတ် ဖြစ်သည်။ ကျနော်မွေးဖွားရာခေတ်သည် အင်္ဂလိပ်လက်အောက်ခံခေတ်ဟု ခံစားနေမိသည်။ ထို့ကြောင့် လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို ကျနော်စတင်မြင်ခဲ့သော ရန်ကုန် (၇) လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာသက်သက်ကျောင်း၊ ထို့နောက် ကျိုတ်လတ်မြို့ အမျိုးသားအထက်တန်းကျောင်းတို့၏ ကျောင်းသားဘ၀ အတွေ့အကြုံမှ စတင်၍ သိရှိနားလည်စပြုလာသည်။ (၁၉၃၇ - ၃၈) ပညာရေးနှစ်မှစ၍ ရန်ကုန်ယူနီဘာစတီ ကောလိပ်သို့ ရောက်ခဲ့သည်။ ယင်းနှစ်ကာလများသည် အင်္ဂလိပ်ကိုလိုနီခေတ်၏ သမိုင်းအတွေ့အကြုံများပင်။ ထိုအခါက အင်္ဂလိပ်ကိုလိုနီခေတ်တွင် ကျောင်း ၃ မျိုး ရှိသည်။ မြန်မာစာသက်သက်ဖြင့် သင်ကြားသောကျောင်း၊ အင်္ဂလိပ် - မြန်မာ ၂ ဘာသာသင်ကြားသောကျောင်းနှင့် အင်္ဂလိပ်ကို ဦးစားပေးသော ဘိုကျောင်းဟုခေါ်သော ကျောင်းဟူ၍ ရှိသည်။ ကျနော်သည် ၂၀ ရာစုနှစ် အစ ၀ံသာနုခေတ် (ခေါ်) အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု၏ အသီးအပွင့်ဖြစ်သော အမျိုးသားကျောင်းတွင် စတင်ပညာသင်ခဲ့ရသည်။ ကျောင်းသားဘ၀အတွေံ အကြုံသည် ကျနော်တို့၏ သမိုင်းခံစားမှုကို ဆောင်ရွက်ပေးလေသည်။

(ခ)
ကျနော်တို့ လူမှန်းသိစအရွယ်က ဆရာစံ (ခေါ်) သုပဏ္ဏဂဠုန်ရာဇာ၊ မျိုးချစ်စိတ်၊ ၀ံသာနု၊ အမျိုးသားနေ့စသော စကားလုံးများနှင့် စတင်ထိတွေ့ခဲ့ရသည်။ ၁၉၃၈ ပတ်ဝန်းကျင် ယူနီဘာစီတီ ကောလိပ်သို့ ရောက်သောအခါ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ အရင်းရှင်စနစ်၊ ဓနရှင်၊ ပစ္စည်းမဲ့၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်သူ၊ ဥပဒေပြုလွှတ်တော် စသောစကားလုံးများကို ကြားလာရသည်။ ၁၉၃၈ - ၃၉ ခုနှစ်၊ ၁၃၀၀ ပြည့်ရေးတော်ပုံတွင် ဖြတ်သန်းလာသောအခါ အသိသည် ပို၍ကျယ်ပြန့်လာသည်။ ယင်းသည် ကျနော်တို့ ပထမမျိုးဆက်၏ နိုင်ငံရေး အသိဟုဆိုနိုင်သည်။ ၀ထ္ထု၊ ကဗျာ စသည်တို့သာမကတော့ပဲ နိုင်ငံရေးရာ သဘောတရားရေးရာ စာအုပ်များကို ဖတ်ဖြစ်လာသည်။ ကျနော်တို့ ပတ်ဝန်းကျင်ကလည်း ယင်းအယူအဆများဖြင့် ယှက်သန်းနေသည်ကို ကိုယ်တိုင် ထိတွေ့ခံစားလာရသည်။

၁၃၀၀ ပြည့် အရေးတော်ပုံကာလက ချောက်၊ ရေနံချောင်း၊ ရေနံမြေများသို့ သွားရောက်ကာ ဟောပြောခြင်း၊ စည်းရုံးခြင်းတို့ဖြင့် အသိတိုးလာရသည်။ ချောက်ရေနံမြေသို့ ရောက်သွားသောအခါ ကျနော်တို့ အလုပ်သမား တန်းလျားများသို့ ရောက်ခဲ့သည်။ ထိုအခါ ကျနော်တို့က ယင်းအလုပ်သမားလူတန်းစားတို့၏ အရေးပါပုံကို သိလာရသည်။ ကျနော်တို့ဖတ်ရှုနေသော နိုင်ငံရေးရာ သဘောတရားများကလည်း ယင်းအလုပ်သမားရေးရာ တို့ကို စိတ်ဝင်စားအောင် လှုပ်ဆော်ပေးသည်ဟု ဆိုနိုင်သည်။ ထိုအခါက ကျနော်တို့ ပါဝင်သော ကိုလိုနီ လက်အောက်ခံဘ၀မှ လွတ်မြောက်ရေး (၀ါ) အမျိုးသားလွတ်မြောက်ရေး ရည်ရွယ်ချက်နှင့်လည်း သွားရောက် ဆက်စပ်နေသည်။ ထို့ကြောင့် နိုင်ငံရေးရာသဘောတရားများကို ပို၍ ဖတ်ဖြစ်လာသည်။

(ဂ)
ဂျပန်ဖက်ဆစ်ခေတ် စစ်နှင့် တော်လှန်ရေးတို့ကို ဖြတ်သန်းပြီးသောအခါ နိုင်ငံရေးရာ သဘောတရားများကို ပို၍ စိတ်ဝင်စားလာသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည်။ ထိုခေတ်သည် လွတ်လပ်ခါစ၊ ဖွံ့ဖြိုးခါစ၊ ဒီမိုကရေစီလှုပ်ရှားမှု ကာလဟုဆိုချင်သည်။ စစ်မဖြစ်ခင်ကမူ အတွေ့အကြုံက အမျိုးသားလွတ်လပ်ရေး စိတ်ဓာတ်။ လွတ်လပ်ရေးရပြီးသောအခါ ယင်းအမျိုးသားရေးစိတ်ဓာတ်မှ တိုင်းပြည်ကို မည်သို့တည်ဆောက်မည်၊ မည်သို့သော စာပေတို့သည် မိမိတို့တည်ဆောက်နေသော ဖွံ့ဖြိုးခါစ ဒီမိုကရေစီ လှုပ်ရှားမှုကို အကျိုးပြုမည်ကိုလည်း စဉ်းစားလာရသည်။

ကျနော့် ကျောင်းနေဖက်သူငယ်ချင်းများမှာ နိုင်ငံရေးဖက်သို့ ရောက်သွားသည်။ ကျနော်ကတော့ မရောက်။ ကျနော်က စာပေဘက်သို့ ထက်သန်နေသူ။ ထို့ကြောင့်ပင် မန်းတင် ၁၉၄၅ ခုနှစ်မှာ ထုတ်ဝေသော “ထို ၃ နှစ်” အမှာတွင် ကျနော်သည် နိုင်ငံရေးသမားမဟုတ်။ နိုင်ငံရေးသိပ္ပံပညာကို လေ့လာသော ကျောင်းသားတယောက် ဖြစ်သည်ဟု ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ ဤကစ၍ ကျနော်တို့ ပထမမျိုးဆက်၏ နိုင်ငံရေးယဉ်ကျေးမှုကို သိလာသည်ဟု ဆိုရပေမည်။

ဒဂုန်တာရာ (အတွေးအမြင်စာစဉ် - ၁၆၆ မှ ပြန်လည်ဝေမျှပါသည်)

ဆက်ဖတ်ရန်...

Monday, May 5, 2008

ဆရာမြသန်းတင့်ညွှန်ခဲ့သည့် စာအုပ်တအုပ်

(၁)ကျွန်တော့်ရှေ့မှာ ကုန်လုလု ဆေးလိပ်အစီခံတိုတွေ၊ အစီအစဉ်မဲ့ ပရမ်းပတာ စုပုံနေတယ်။ အစီခံတိုတွေရဲ့ တဘက်ထိပ်က မီးကျွမ်းလက်စ ဆေးသားတွေ အံကျနေပြီး၊ ကိုက်ဖွာထားတဲ့ အခြားဘက် ထိပ်မှာတော့ မစိုမခြောက် စိုထိုင်းထိုင်း ဖြစ်နေတယ်။ သည်ဆေးလိပ် အစီခံတိုတွေက ကျွန်တော့်အတွက် 'ဧကရာဇ်တို့ရဲ့ ဘဏ္ဍာတိုက်'။
ဆေးလိပ်ဖွာချင်တဲ့ ဆန္ဒရှိရင် ဆေးလိပ်တိုထဲမှ လက်ကျန်ဆေးသားတွေထုတ်၊ ထုတ်လို့ရတဲ့ ဆေးသားတွေကို စုပြီး ရှိတဲ့ စက္ကူစနဲ့ ပွတ်ချွန်းလိပ် ဖွာရတယ်။ ကျန်တဲ့ စက္ကူပတ်အစီခံကို ရေစိမ်၊ မပျက်မယွင်းအောင် စက္ကူကိုခွါ၊ အခြောက်ခံ၊ ပြီးမှ အစီခံစက္ကူမှာပါတဲ့ ပုံနှိပ်စာလုံး အပိုင်းအပြတ်တွေ ကို ပဟေဠိ အဖြေညှိသလို ဖတ်ရတယ်။ ခွါလိုက်တဲ့ စက္ကူက ၀တ္ထုစာအုပ်စက္ကူဆိုရင် ကျွန်တော် စိတ်ပျက်မိတာ အမှန်။ သတင်းစာ စက္ကူအပိုင်းအစဆိုရင် ကမ္ဘာဦးလူတွေ နေနဲ့လကို တွေ့လို့ ပျော်သလို၊ ကျွန်တော် ၀မ်းသာကျေနပ် မိတယ်။ ကျွန်တော် သိချင်နေတာက သတင်း။ သည်ဆေးလိပ်တို သတင်းက တခါတရံ နာရေး၊ တခါတလေ သာရေး၊ တခါတခါကျတော့ လျှောက်လှမ်းရမယ့် အနာဂတ် လမ်းမကြီးကို မပြည့်မ၀၊ မပြည့်မစုံ ဖော်ထုတ်လို့ရတဲ့ သတင်းအပိုင်း အစတွေ ပေးတယ်မဟုတ်လား။
အရှေ့မြောက်လေတိုက်အား ပြင်းထန် သဲသန်ရာမှ အီဆင်းလာတဲ့ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလရဲ့ ရက်တရက်မှာ ကွန်ကရိရွာကလေးထဲက ကျွန်တော်ရှိရာ 'ဓါးအိမ်ခန်းလေး' ထဲကို နာရေးသတင်းတပုဒ် ရောက်လာတယ်။ ဒီ နာရေးသတင်းဟာ ကျွန်တော်အပါအ၀င် သက်ဆိုင်တဲ့ အသိုင်းအ၀ိုင်းအားလုံးအတွက် နှမြောတသဖွယ်၊ ကြီးမားတဲ့ ဆုံးရှုံးမှုသတင်းဆိုရင် မမှား။ ဟုတ်တယ်။ ကျွန်တော်တို့တတွေ အတွက်တော့ အစားထိုး ဖြေဖျောက်လို့ မရနိုင်လောက်တဲ့ ၀မ်းနည်းတသ နေရမယ့် ဆုံးရှုံးမှုပါပဲ။
'ဆရာဦးမြသန်းတင့် ဆုံးပြီ' တဲ့။
တကယ်တော့ လူသားတယောက် မွေးဖွားတယ်၊ သေဆုံးတယ် ဆိုတာက မိခင်သဘာဝ တရားကြီး ဆီက လာပြီး၊ မိခင်သဘာဝတရားကြီးရဲ့ ရင်ခွင်ထဲကို ပြန်သွားတာသာ ဖြစ်တယ်။ မြေကမ္ဘာက သူ့ရင်သွေးကို သူပြန်ခေါ်တာပဲ ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ မိခင်သဘာဝတရားကြီး ဆီကို ပြန်မသွား သင့်သေးတဲ့ ဆရာဦးမြသန်းတင့်၊ ကျွန်တော်တို့ တတွေကို နယ်ပယ်တခုမှာ ရေနည်းငါးလို ချန်ရစ်ပြီး၊ ကျောပေးချိန် မတန်သေးဘဲ ရုတ်ချည်း ထွက်ခွါသွားရတဲ့ ဆရာဦးမြသန်းတင့်ရဲ့ နာရေးသတင်းကို မယုံချင်၊ မကြားဝံ့တဲ့ကြားမှ ကျွန်တော် ကြားလိုက်ရပြီ။ ဆရာဦးမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ အနုပဋိလောမရုပ်ဝါဒထဲက (Necessity and Chance) တရားကို ရင်မှာပိုက် နှလုံးသွင်းပြီး၊ ဆရာ့နာရေး သတင်းကို ရင်တနင့်နင့် နားလည်လက်လျှော့ လက်ခံလိုက်ရသော်လည်း၊ ဆရာ့ကို မိခင်သဘာဝရင်ခွင်ထဲမှ ပြန်လုယူချင်တဲ့ ပြင်းပြစိတ်ဆန္ဒတွေ ကျွန်တော့်ရင်ထဲမှာ......။

(၂)
ကျယ်ပြောလှတဲ့ ဘင်္ဂလားပင်လယ်ပြာရဲ့ လှိုင်းခေါင်းဖြူကြီးတွေကို ကျော်ပြီး မြောက်ဖက် ကမ်းရိုးတန်းဆီ ငေးမောတမ်းတရာ နေရာမှ စမ်းချောင်းရပ်၊ ဖျာပုံလမ်းကို ဆရာ ပြန်ရောက်လာတဲ့ အချိန်မှာ၊ ဆရာ ဘာသာပြန်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေး အတွဲ (၉)ကို ဖတ်ပြီး ဆတ်တငံ့ငံ့နဲ့ နောက်ထပ် အတွဲ (၃)ကို တောင့်တ ငံ့လင့်နေတဲ့ ကျွန်တော်တို့ ဆရာကို စတင် သိရှိခဲ့ရတယ်။ ကျွန်းတောလမ်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မြေး အိမ်မှာ။ ကိုဝင်းဇော်က ဆရာဘာသာပြန်ထားတဲ့ "ဒီရေမြင့်သစ်" လက်ရေးစာမူအထူကြီးကို လက်နှိပ်စက် စာမူတင်နေတယ်။ ဆရာ့လက်ရေးကို မဖတ်တတ်၊ ဖတ်မရလို့ ကိုဝင်းဇော်က မေးတဲ့အခါ ရှင်းလင်းပြောပြတဲ့ ဆရာ့အသံက ခပ်အုပ်အုပ်၊ ခပ်ရှရှလေး။ ကိုင်းအနက် မျက်မှန်အထူကြီးနဲ့ ဘောင်ခတ်ခံထားရတဲ့ ဆရာ့မျက်လုံးတွေကြောင့် ဆရာ့ရုပ်ပုံလွှာက မှုန်ကုပ် ကုပ်လို။ ဒါပေမယ့် ဟိတ်ဟန်မရှိတဲ့ ဆရာ့အပြောအဆို၊ သိမ်မွေ့တဲ့ ဆရာ့ပြောဟန် ဆိုဟန်တွေမှာ သံလိုက် စက်ကွင်းပါနေတယ်။ ပြောသမျှ စကားလုံးတွေက အီလက်ထရို မကဂ္ဂနက်တစ်ဝေ့ဖ်အလား။
ဒီရေမြင့်သစ် လက်နှိပ်စက်စာမူဟာ ချင်းတွင်းစာပေတိုက်က စာအုပ်အဖြစ်မထုတ်ခင် ကျွန်တော်တို့ အသိုင်းအ၀ိုင်းလက်ထဲမှာ တ၀ဲလည်လည် ခရီးဆက်နေခဲ့တယ်။ ကျွန်တော်တို့ကလည်း မနက်ဖြန် စာမေးပွဲဖြေရတော့မယ့် မူလတန်းကျောင်းသားလေးတွေလို တယောက်ပြီးတယောက် လက်ဆင့်ကမ်းကာ ဒီစာမူကို တရှိုက်မက်မက် ဖတ်မှတ်လေ့လာခဲ့ကြတယ်။ ဆရာက ကျွန်တော်တို့ အပေါ် ယုံကြည်နားလည်မှု ရှိရှိနဲ့ ဒီစာမူကြီးကို ပေးဖတ်ခဲ့တာမို့ ဆရာ့ကို ဟိုးယခင် လေးစားရင်းကို အခြေခံပြီး လေးစားရင်းထက် ကျွန်တော်တို့ ပို၍ လေးစား လေးနက်ခဲ့ရတယ်။
ဆရာက စာစုံ၊ ကဏ္ဍစုံရေးသားသလို စာစုံ၊ ကဏ္ဍစုံ ဘာသာပြန်တယ်။ ဂန္ထ၀င် ဘာသာပြန်၊ ၀တ္ထုရှည်ဘာသာပြန်၊ ၀တ္ထုရှည်ပင်ကိုယ်ရေး၊ ၀တ္ထုတိုဘာသာပြန်၊ ၀တ္ထုတိုပင်ကိုယ်ရေး၊ ကဗျာဘာသာ ပြန်၊ ကဗျာပင်ကိုယ်ရေး၊ ဆောင်းပါးဘာသာပြန်၊ ဆောင်းပါးပင်ကိုယ်ရေး၊ ရသစာတမ်းဘာသာပြန်၊ ရသစာတမ်းပင်ကိုယ်ရေး၊ ပြီးတော့ နိုင်ငံရေး၊ အတွေးအခေါ်၊ ခရီးသွားမှတ်တမ်း.....။ ကျွန်တော့်အထင် ဆရာ ဘာသာပြန်တာက ပင်ကိုယ်ရေးထက် ပိုများ များနေမလား မသိ။ ရေးတိုင်း၊ ဘာသာပြန် တိုင်းလည်း ဆရာ့စေတနာကို ဆရာ့ရေးသားချက်၊ ဘာသာပြန်ချက်တွေထဲမှာ ဆရာ့ဝိညဉ်ပျံဝဲနေသလို တွေ့ရတတ်တယ်။ လေရူးသုန်သုန် ဘာသာပြန် ဂန္ထ၀င် ၀တ္ထုရှည်ကြီးဆိုရင် ဖတ်ရသူများအတွက် ဘာသာပြန် ၀တ္ထုရှည်ကြီးတပုဒ်လို မဟုတ်ပဲ၊ ဆရာ့ပင်ကိုယ်ရေး ဂန္ထ၀င် ၀တ္ထုရှည်ကြီးတပုဒ်လို့ ထင်ရလောက်အောင် ဖြစ်နေမှာတော့ စာဖတ်သူအပေါ် ထားတဲ့ ဆရာ့စေတနာဟာ အီမောဘွန်း တောင်ရဲ့ တောင်ဘက်မှ ဘင်္ဂလားပင်လယ်အော်ရဲ့ မြောက်ဖက်ထိ ကြီးမား ကျယ်ပြောနေလောက် တယ်လို့ ကျွန်တော် ထင်တယ်။ ဆရာပါရဂူကို 'တတိယ ပြတင်းပေါက်' လို့ တင်စားရင် နိုင်ငံရပ်ခြား ကမ္ဘာ့စာပေကို ကျွန်တော်တို့အတွက် ဒုတိယဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားမှ တဆင့် ထုနဲ့ထည်နဲ့ မနားတမ်း ဘာသာပြန်ဆို ရေးသားခဲ့တဲ့ ဆရာဦးမြသန်းတင့်ဟာ 'ဒုတိယပြတင်းပေါက်' ဖြစ်မယ်လို့ ကျွန်တော် သိစိတ်ထဲမှာ စွဲထင်နေတယ်။ (ဒါက ကျွန်တော့ပုဂ္ဂလိက အမြင်ပါ)

(၃)
တရက်။ ဆရာနဲ့ ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ကြတဲ့ ၁၉၈၃ ခုနှစ် နွေတရက်။ နေ့လယ် (၁) နာရီလောက်ရှိမယ့် နွေနေပူကျဲကျဲကြီးအောက်မှာ ဆူးလေဘုရားလမ်းကို ဖြတ်တော့မယ့် ဆရာ့ကို ကျွန်တော်တွေ့တယ်။ ကျွန်တော် ဆရာ့ လက်ဝဲဘက်နားကပ်ပြီး "ဆရာ... မျက်စိမမြင်တဲ့ ကြွက်က မျက်စိမြင်တဲ့ကြွက်ကို လမ်းပြပေးပါ" လို့ ခပ်တိုးတိုးလေး ကပ်ပြောလိုက်တယ်။ ဆရာက "ဟာ...ခင်ဗျားပါလား။ လာ..လာ မတွေ့တာ ကြာပြီ" ဟုတ်တယ်။ ကျွန်တော် နယ်ခြားကုန်သွယ်ရေး လေး လုပ်နေတာကြောင့် ဆရာနဲ့ မတွေ့ဖြစ်တာ နှစ်နဲ့ချီ ရှိနေပြီ။ ကျွန်တော်က ဆရာ့လက်ဝဲဘက် လက်မောင်းကလေးကို ကိုင်တွဲရင်း ဆရာ့နောက်နားလောက်ကနေ ခပ်ယို့ယို့လေး လိုက်လာတယ်။ အနော်ရထာလမ်းပေါ်က ဆူးလေမီးပွိုင့်ကို ဖြတ်ပြီး ဆရာနဲ့ကျွန်တော် 'ရွှေကြည်အေး' ကို ရောက်သွား ကြတယ်။
ကျွန်တော် ဖြတ်သန်းရမယ့် ရှေ့ခရီးကို စာပေအနုပညာနဲ့ လမ်းပြပေးနေတဲ့ ဆရာသုံးယောက် ကျွန်တော့မှာ ရှိတယ်။ ဆရာဒဂုန်တာရာ၊ ဆရာဗန်းမော်တင်အောင်၊ ဆရာဦးမြသန်းတင့်။ သည်ဆရာကြီး သုံးဦးဟာ သူတို့နဲ့ လူချင်းမတွေ့ မသိမီကတည်းက ကျွန်တော့်အတွက် အတွေးအခေါ်၊ အတွေးအမြင်ပိုင်းမှာ အဦးဆုံး၊ အစောဆုံး မိဘရင်းတွေပါ။ (ကျွန်တော့ရဲ့ ခေါင်းကိုင်ဖခင်တွေကတော့ စာပေအနုပညာနယ်ပယ်မှာ အများကြီး ရှိနေပေမယ့် စာမျက်နှာကို ငဲ့လို့ ဆက်ရေးမပြရတာကို ခွင့်လွှတ်ပါ) ဆရာတို့အတွေး၊ ဆရာတို့အမြင်၊ ဆရာတို့ အယူအဆတွေဟာ ကျွန်တော်အဖို့ ကျွန်တော့်ရဲ့ နောက်တကြိမ် နှလုံးခုန်ချက်ထက် တန်ဖိုးကြီးတယ်။ ဘ၀လူလားမြောက်ခဲ့ရတာ ဆရာတို့ရဲ့ ကျေးဇူးကြောင့်။
"ခင်ဗျား ကျွန်တော့်ရဲ့ စာတွေ ဖတ်ဖြစ်ရဲ့လား" ဆိုတဲ့ ဆရာ့အသံကို ကျွန်တော် ကျက်မိနေလို့ ကျွန်တော် အတွေးရပ် သွားတယ်။ ဆရာမေးသင့်တဲ့ မေးခွန်းပါပဲ။ ထိုစဉ်က ဒိုင်ယာလက်တစ်ရဲ့ Law of Unity and Struggle of Opposites ဆိုတဲ့ တရားထဲက Struggle အပိုင်းကို ကဲ ကြည့်ခဲ့ကြတဲ့ ဂယက်ကလေးတခု ဆရာဦးမြသန်းတင့်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာပေဆုပေါ်မှာ ဗဟိုပြု ရိုက်ခတ်ခဲ့တာက အရှိန်မသေသေး။ "ဆရာတို့ စာတွေမှ မဖတ်ရင် ကျွန်တော်တို့ စာဘယ်ဖတ်ဖြစ်တော့မလဲ" လို့ ကျွန်တော့်ရင်ထဲ ရှိတာ ထုတ်ပြလိုက်ရတယ်။ ပြီးမှ ဟိုးယခင်က ရှုမ၀ထဲပါခဲ့တဲ့ ဆရာ့ဝတ္ထုတိုထဲက ကားလ်မာ့က်စ်ကို ကိုးကားထားတဲ့ စာကြောင်းတကြောင်း ရွတ်ပြတယ်။ ကျိုင်းတုံရောက်တိုင်း '၀' တွေ တည်တဲ့ဘုရားကို ရောက်တဲ့အကြောင်းလည်း ပြောပြတယ်။ ပြီး လူတန်းစားတိုက်ပွဲ၊ ကုန်ထုတ်လုပ်မှုတိုက်ပွဲ၊ သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲ၊ ဇီမာဂျန်းရှင်း၊ ခန်းဆောင်နီ အိပ်မက်၊ ရေစီးကြမ်းတဲ့ ယမားချောင်း၊ လေညှင်းဆော်တဲ့ တောင်သမန်.....။
"ဟုတ်ပြီ။ ခင်ဗျားကို ဘာသာပြန်ထားတဲ့ စာမူတခု ပေးဖတ်မယ်"
"ဘာစာအုပ်လဲဆရာ"
"Jack Burden ရေးတဲ့ China Shake the World ကို ပြန်ထားတာ"
"အဲဒီစာအုပ် ကျွန်တော် ဖတ်ပြီးပြီ"
"ခင်ဗျား ဘယ်ကရလဲ"
"ကျွန်တော် 'ဘို' လိုဖတ်ရတာ ဆရာ။ ကျွန်တော့်ဆီကမှ ဆရာ့ဆီ ရောက်သွားတာ"
"အော...ဟုတ်လား။ ဒီလိုဗျ...ဒီစာအုပ် ဘာသာပြန်သာ ထွက်ရင် ကျွန်တော်တို့ဆီမှာ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန်စာအုပ် ပြည့်စုံသွားပြီ။ ဒီစာအုပ်တအုပ်ပဲ လိုနေတယ်"
ဆရာ့စာဖတ်အား၊ ဆရာ့စေ့ငုမှု၊ ဆရာ့ကောက်ချက်ကို ကြားရလို့ ကျွန်တော် တုန်လှုပ်သွားတယ်။ တကယ်တော့ ဆရာက ပင်လယ်ကျယ်၊ ကျွန်တော်က ရေချောင်းငယ် မဟုတ်လား။ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန် နိုင်ငံရေးစာအုပ်တွေ ဖတ်မိသလောက် ပြန်စဉ်းစားတော့......
တရုတ်ပြည်ပေါ်ကကြယ်နီ (တင်ထွေး)၊ တရုတ်အင်အားပြိုင်ပွဲ (လူထုဒေါ်အမာ)၊ ဘ၀ချင်းမတူ တဲ့တရုတ်ပြည် (လူထုဒေါ်အမာ)၊ ဒီရေမြင့်သစ် (မြသန်းတင့်)၊ မီးလောင်မြေ (မြသန်းတင့်)၊ တောင်များ ၏တောင်ဘက်မှ ပင်လယ်များ၏မြောက်ဖက်သို့ (မြသန်းတင့်)၊ သန်းပေါင်း ၁၀၀၀ တရုတ်ပြည် (မမှတ်မိ)၊ ဥက္ကဌကြီးမော် (စိုးမြိုင်)၊ ချူအင်လိုင်း (အောင်ဇံ)၊ ချူအင်လိုင်း (မောင်တင်ရွှေ)၊ ချူတေး (မောင်တင်ရွှေ)၊ အမေရိကန်တွေ သိခွင့်မရတဲ့ တရုတ်ပြည် (လူထုဒေါ်အမာ)။
ဆရာပြောတဲ့ China Shake the World ဘာသာပြန်ကို အထက်ပါစာအုပ်တွေကြားမှာ မတွေ့ရ။ ဆရာဘာသာပြန်ပြီး ဘာကြောင့် မထုတ်ဖြစ်ခဲ့သလဲ။
တကယ်တော့ ဒီစာအုပ်က တရုတ်တော်လှန်ရေးနဲ့ ပါတ်သက်လို့ နည်းနာအရ အတော်ကလေး ပြည့်စုံတဲ့စာအုပ်လို့ ဆိုရလောက်တယ်။ လက်နက်ကိုင်တော်လှန်ရေးကာလ ပြောက်ကျားဒေသ အတွင်း လုပ်နည်းလုပ်ဟန်တွေ ပါတယ်။ ပြောက်ကျားဒေသတွင်း လယ်ယာမြေဝေခြမ်းရေး၊ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးအတွက် ဘဏ်လုပ်ငန်း၊ စာတတ်မြောက်ရေး လှုပ်ရှားမှု....။ စာရေးသူက တရုတ် လက်နက်ကိုင်တော်လှန်ရေး သမားတွေနောက် တကောက်ကောက်လိုက်ပြီး မှတ်တမ်းတင် ရေးသား ထားတဲ့ တော်လှန်ရေး၊ နိုင်ငံရေး၊ လက်တွေ့စာအုပ်ဖြစ်တယ်။

(၄)
မှတ်မှတ်ရရ ထိုနေ့က တမိုးလုံး အုံ့ဆိုင်းမှောင်မိုက်လာပြီး မိုးတွေ စွေနေတဲ့ သြဂုတ်လ (၁၅) ရက်နေ့။ ကျွန်တော့ ကွန်ကရိအခန်းလေးထဲမှာ မိုးမှုန်ရေငွေ့တွေ ပြည့်နေတယ်။ ကျွန်တော့် စိတ်ဝိညဉ်က မိုးစက်၊ မိုးပေါက်၊ မိုးမှုန်တွေကို တိုးဝှေ့ ကျော်ဖြတ်ပြီး မြောက်ဘက် အဝေးတနေရာကို ရောက်နေတယ်။ ပြီးမှ ပွတ်ချွန်းကို တဖွာရှိုက်ရင်း ကျွန်တော့် အတွေးအာရုံတွေကို အခန်းထဲအရောက် ဆွဲခေါ် ပြန်သွင်းစုစည်းကာ မနေ့က အခြောက်ခံထားတဲ့ ကျွန်တော်ရဲ့ 'ဧကရာဇ်တို့ရဲ့ဘဏ္ဍာတိုက်' ကို ဖွင့်ဖတ်တယ်။ အစီခံစက္ကူပိုင်းထဲမှာ....
မြသန်းတင့်(အသ.....
လွန်ခဲ့တဲ့ ခြောက်လလောက်က ကွယ်လွန်သွားရှာတဲ့ ဆရာ့နာရေးကြော်ငြာ အပိုင်းအစလေး။ ဆရာ့နာရေးကြော်ငြာကိုတောင် အပြည့်အ၀ မမြင်တွေ့ရတဲ့ ကျွန်တော်....။
သည်တော့လည်း ဆရာညွှန်ခဲ့၊ ပြောခဲ့တဲ့၊ စကားကို ကျွန်တော် နောက်တကြိမ် ကြားယောင်မိ ပြန်တယ်။
"ဒီစာအုပ် ဘာသာပြန်သာထွက်ရင် ကျွန်တော်တို့ဆီမှာ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန်စာအုပ် စုံသွားပြီဗျ" ။

အောင်မြိုင်
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၆ ၊ ဇူလိုင်၊ ၂၀၀၆ မှ ကူးယူဖော်ပြပါတယ်။]

ဆက်ဖတ်ရန်...

Sunday, May 4, 2008

သမိုင်းနိဂုံးချုပ် မချုပ်ကိစ္စ

၁။ “သမိုင်းနိဂုံးချုပ်” ကိစ္စဟာ ကိစ္စကြီးဖြစ်တယ်။ ဒါကို ဆွေးနွေးချင်ပါတယ်။ ဒီကိစ္စက စစ်အေးခေတ် (၁၉၄၇ - ၁၉၈၉) ပြီးဆုံးစကာလကစပြီး ပေါ်လာတာပါ။ ကွန်ဆာဗေးတစ်လက်သစ် (neo - con) တဦးဖြစ်တဲ့ ဖူကုယာမဆိုသူကစလိုက်တာပဲ။ အတော်ကလေး ကယက်ထသွားပါတယ်။ ကွန်မြူနစ်ဆန့်ကျင့်ရေးသမားတွေရဲ့ ကျမ်းတဆူနီးပါး (သူ့စာအုပ်က) ဖြစ်သွားပါတယ်။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ ၂၁ ရာစုထဲလည်း ၀င်လာရော “သမိုင်းကနိဂုံးချုပ်” ဖို့နေနေသာသာ သမိုင်းက အရှိန်အဟုန်နဲ့ဖြစ်ပေါ်တိုးပွားလာတယ်။ အာဖဂန်စစ်၊ အီရတ်စစ်ဖြစ်လာတော့ ဖူကုယာမ ကိုယ်တိုင် နောက်တလှမ်းဆုတ်တယ်။ ထားပါတော့။

၂။ ဖူုကုယာမရဲ့အတွေးအခေါ်က မာ့က်စ်ဝါဒ နိဂုံးချုပ်ပြီလို့ပြောနည်းတမျိုးနဲ့ပြောတာပါ။ မာ့က်စ်ဝါဒရဲ့အစဟာ “ကွန်မြူနစ်ကြေညာစာတမ်း” (၁၈၄၈) ကပါ၊ အဲဒီကြေညာစာတမ်းမှာ သမိုင်းဆိုတာ“ဟာ လူတန်းစားတိုက်ပွဲတွေရဲ့ သမိုင်းပဲလို့ဖြည့်စွက်ပါတယ်။ ပိုပြီးပြည့်စုံသွားတာပေါ့။

ကျနော်တို့ပါတီိက ဖူကုယာမရဲ့ နိဂုံးချုပ်အယူအဆကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတန်းစားကွဲပြားမှုရှိနေသမျှ လူတန်းစားတိုက်ပွဲရှိနေမယ်။ လူတန်းစားတိုက်ပွဲရှိနေရင် သမိုင်းလည်းရှိနေမယ်လို့ ယူဆလို့ပါ။

၃။ ဖူကုယာမ အဲဒီအယူအဆတင်စဉ်က ဆိုဗီယက်ယူနီယံပြိုကွဲချိန်ပါ။ နိုင်ငံတကာ့ ကွန်မြူနစ် အရေးတော်ပုံကြီးတခုလုံး နောက်တလှမ်းဆုတ်နေရချိန်ပါ။ တချို့က အုပ်စီးပျက်ပြီးကစဥ့်ကလျားဆုတ်တယန။ တချို့က အုပ်စီးမပျက်အောင် ထိန်းပြီးဆုတ်ကြပါတယ်။ (ကျနော်တို့ပါတီက ဒုတိယအမျိုးအစားမှာ ပါ ပါတယ်။)

အခုဆွေးနွေးချင်တာက ဘာကြောင့်ဆုတ်ရသလဲ ဆိုတာပါ၊ ပုဂ္ဂလိကအမြင်သက်သက်ကို တင်ပြတာပါ။

ဘာကြောင့်ဆုတ်ရသလဲ

(က) ရုရှားတော်လှန်ရေးနဲ့ တရုတ်တော်လှန်ရေးတို့မှာ တူညီတဲ့ထူးခြားချက်ရှိတယ်။ သူတို့တော်လှန်ရေးတွေဟာ မာ့က်စ်း၊အိန်ဂယ်လ်တို့တွေးခေါ်ခဲ့သလို ရှေ့တန်းရောက် တိုင်းပြည်တွေက တပြိုင်တည်း အရင်းရှင်အာဏာရှင်စနစ်ကို တော်လှန်တဲ့ ကမ္ဘာ့တော်လှန်ရေးမျိုး လုပ်တာမဟုတ်ဘူး။ ရှေ့တန်းရောက်တိုင်းပြည်တွေဆိုတာက (အဲဒီတုံးက) အရင်းရှင်စနစ် အမြင့်ဆုံးအဆင့်ရောက်နေတဲ့ အင်္ဂလန်နဲ့ ဂျာမဏီ၊ပြင်သစ်နဲ့အမေရီကန်တို့ကိုပဲ ဆိုလိုတာပါ။ ရုရှားပြည်၊ တရုတ်ပြည်တို့က ပဒေသရာဇ်တပိုင်း အရင်းရှင်တပိုင်း ခေတ်နောက်ကျတဲ့တိုင်းပြည်တွေပဲ။ သူတို့တော်လှန်ရေးတွေနိုင်တာက ရှေ့တန်းရောက် တိုင်းပြည်ကြီးတွေအချင်းချင်း နယ်ချဲ့စစ်ပွဲ(ကမ္ဘာစစ်) ဆင်နွှဲနေကြတာကို ချက်ကောင်းယူနိုင်လို့ပဲ။ ပထမကမ္ဘာစစ်မှာ အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်ကတဖက် ဂျာမဏီကတဖက် စစ်ဖြစ်နေတာကို ချက်ကောင်းယူနိုင်လို့ ရုရှားတော်လှန်ရေး အောင်မြင်တာပဲ။ တရုတ်တော်လှန်ရေးကလည်း ဒုတီယကမ္ဘာစစ်ကို ချက်ကောင်းယူနိုင်လို့အောင်မြင်တာပဲ။ ဒီမှာ သင်ခန်းစာထုတ်ယူနိုင်တာက နိုင်ငံတကာ့ အခြေအနေကို ချက်ကောင်းယူပြီး မိမိပြည်တွင်း တော်လှန်ရေးကို အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့သင်ခန်းစာဖြစ်တယ်။

(ခ) ဖွံ့ဖြိုးပြီးနိုင်ငံတွေ(ရှေ့တန်းရောက်နိုင်ငံတွေ)က အမြဲတမ်းသူတို့အချင်းချင်း စစ်တိုက်နေကြတာ မဟုတ်ဘူး။ အထူးသဖြင့် ၁၉၄၇ လောက်ကစပြီး သူတို့အချင်းချင်းသွေးစည်းနေကြတယ်။ အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်ကို ခေါင်းဆောင်တင်ဗိုလ်လုပ်ခွင့်ပေးပြီး စည်းလုံးနေကြတယ်။ သူတို့အချင်း ပဋိပက္ခဖြစ်ရင်လည်း စစ်ဖြစ်လောက်သ့်အထိ မပြင်းထန်အောင် ထိန်းညှိကြတယ်။ အဲဒီလိုလုပ်နေတာ အခုအထိပဲ။

၁၉၄၇ က အခုအထိ (နှစ် ၆၀) ကျတော့ တမျိုးဖြစ်တယ်။ ကျေကျေနပ်နပ်ပဲ အမေရိကန်ကို ဗိုလ်လုပ်ခိုင်းထားကြတယ်။ရန်လည်းသိပ်မဖြစ်ကြဘူး။G7 ဆိုပြီးဖွဲ့ထားတယ်။ ရန်ဖြစ်မယ့် အခြေအနေဖြစ်ရင်လည်း ထိန်းညှိတယ်။ တခါတလေ ပြင်သစ်လိုဟာက ဘေးဖဲ့ထွက်ရင်လည်းစေ့စပ်လိုက်တယ်။ ထိန်းညှိလိုက်တယ်။ အင်္ဂလိပ်ကတော့ အမေရိကန်ကို လိုလိုချင်ချင်ပဲ ဗိုလ်လုပ်ခိုင်းထားတာပဲ။ ဂျာမဏီ၊ဂျပန်ကတော့ စစ်ရ္နံးထားတာတွေဖြစ်တယ်။ စီးပွားရေးမှာ ကြီးကျယ်နေပေမယ့် နိုင်ငံရေးမှာ အမေရိကန်ကို မှီခိုနေရရှာတယ်။ တည်ရှိနေတဲ့ ကမ္ဘာ့အစီအစဉ်(World Order) ကလည်း သူတို့ကို ပစားမပေးဘူး။ အမေရိကန်ကို မှီခိုမှလူရာဝင်မှာကို ဂျာမဏီ၊ဂျပန်က သိနေတယ်။

(ဂ) ရုရှား(ဆိုဗီယက်) နဲ့တရုတ်ကတော့ စည်းလုံးမှုမရှိတဲ့အချိန်က ခပ်များများပါ။ ဆိုရှယ်လစ်ဂိုဏ်းဆိုတာ ကြာကြာခံခဲ့တာ မဟုတ်ဘူး။ အများပိုင်းက အိမ်ခွဲနေကြတာဖြစ်တယ်။

ဒီအထဲမှာ အောင်မြင်မှုနဲ့ယစ်မှုးနေကြသေးတယ်။လီနင်ရဲ့တိုင်းပြည်တပြည်ချင်း ဆိုရှယ်လစ်စနစ် ထူထောင်နိုင်တယ် ဆိုတာကို ဆန္ဒစွဲကျကျတိုးချဲ့ပြီး တိုင်းပြည်တပြည်ချင်း ကွန်မြူနစ်လောက ချီတက်နိုင်တယ်ဆိုသည်အထိလုပ်လာတယ်။ သူဦးကိုယ်ဦးပြိုင်ကြသေးတယ်။ ရုရှား (ခရူးရှက်ဖ်) က ကွန်မြူနစ်လောကကို ချီတက်မယ်ဆိုပြီးလုပ်တော့ တရုတ် (မော်စီတုန်း) က “ခုန်လွားချီတက်ရေး” ယဉ်ကျေးမှုတော်လှန်ရေးလုပ်ပြီး ပြိုင်တယ်။ “လက်ဝဲ” ဆန္ဒစွဲအမှားတွေ အပြိုင်လုပ်ကြတယ်။ နောက်ဆုံးကျတော့ ရုရှား (ဂိုဘာချော့ပ်) က ဖရိုဖရဲဆုတ်ရတယ်။ တရုတ် (တိန့်ရှောင်ဖင်) က အုပ်စီးမပျက်အောင်ဆုတ်တယ်။

၎။ ရုရှားရော တရုတ်ပါ ဆုတ်ကြတော့ ဖူကုယာမက “သမိုင်းနိဂုံးချုပ်ပြီ” လို့ကြွေးကြော်လိုက်တာပဲ။ ဒါပေမဲ့မကြာပါဘူး။ လူတန်းစားတိုက်ပွဲက ပုံစံတမျိုးနဲ့ပေါ်လာတယ်။ အဲဒါက အာဖဂန်စစ်ပွဲ၊ အီရတ်စစ်ပွဲပဲ။

ပစ္စည်းမဲ့လူတန်းစားနဲ့ တိုက်ရတဲ့လူတန်းစားတိုက်ပွဲတော့ မဟုတ်ဘူး။ လူတန်းစားတိုက်ပွဲတော့ လူတန်းစားတိုက်ပွဲပဲ။ ဘာသာရေးအခြေခံတဲ့ ပဒေသရာဇ်လူတန်းစားလို့ “မှုဆလင်အစွန်းရောက်” တွေကို သတ်မှတ်ရမလားတော့မသိဘူး။

အီရတ်ကျတော့တမျိုး။ ဘာ့သ်ပါတီဟာ မူဆလင်အစွန်းရောက်တော့ မဟုတ်ဘူး။ အီရတ်ကွန်မြူနစ်ပါတီက ဘယ်လိုသတ်မှတ်သလဲတော့ မသိဘူး။ လေ့လာရဦးမှာ ဖြစ်တယ်။

ဘင်လာဒင်တို့ တာလီဘန်တို့ ဆက်ဒမ်ဟူစိန်တို့ဟာ ပစ္စည်းမဲ့လူတန်းစား ကိုယ်စားလှယ်မဟုတ်တာတော့ သေချာတယ်။

အခုပြောချင်တာက သူတို့ကို ဘာလူတန်းစားလို့ သတ်မှတ်ဖို့မဟုတ်ဘူး။ လူတန်းစားတိုက်ပွဲဆိုတာ အရင်းရှင်နဲ့ ပစ္စည်းမဲ့တိုကမ်တဲ့ တိုက်ပွဲကိုမှ လူတန်းစားတိုက်ပွဲ ဆိုလိုတာမဟုတ်ဘူး။ ဘယ်လူတန်းစားတွေတိုက်တိုက် လူတန်းစားတိုက်ပွဲပဲ။ လူတန်းစားတိုက်ပွဲတွေ တိုက်နေကြသမျှ သမိုင်းနိဂုံးမချုပ်သေးဘူး ဆိုတာကိုပဲ ပြောချင်တာပါ။

ပြည်သူ့အာဏာဂျာနယ် (အမှတ် - ၂၉)

ဆက်ဖတ်ရန်...

လူထုစာဆို ဗားတော့ဗရက်

တင်မိုး၏ အမှာ

မြန်မာကဗျာလောကတွင် ဘာသာပြန်ကဗျာစာအုပ်ဟူ၍ ထုပ်ထုပ်ပိုက်ပိုက်ပြုစရာ အနည်းငယ်သာ ရှိပါသည်။ တင်မောင်အေးက ဂျာမန်ကဗျာစာဆို ဗားတော့ဗရက်၏ ကဗျာအသီးအနှံများကို မြန်မာကဗျာကျီတိုက်ထဲသို့ သွင်းနှံလောင်းဖြည့်လိုက်သောအခါ ၀မ်းမြောက်ဖွယ် ကောင်းမှုတရပ်ပင်ဖြစ်ပါပေသည်။

တင်မောင်အေး၏ ဘာသာပြန်လက်ရာသည်ကောင်း၏ သို့မဟုတ် မကောင်း၏ဟူ၍ ဝေဖန္တိကပြုရန် ကျနော် မစွမ်းပါ။ သို့ရာတွင် တင်မောင်အေးသည် ကဗျာဘာသာပြန်ရာတွင် လက်စိမ်းတယောက်မဟုတ်ပါဟူ၍ကား ပြောနိုင်ပါသည်။ သူသည် ဒေါက်တာအက်ပတ် စုဆောင်းပုံနှိပ်အပ်သော ဂျာမန်မြန်မာကဗျာစာအုပ်တွင် ဂျာမန် ကဗျာစာစုကို မြန်မာဘာသာပြန်ဆိုခဲ့သူ လူငယ်တဦးပင်ဖြစ်ပါသည်။

ကျနော်တို့ မြန်မာကဗျာပရိသတ်သည် အများအားဖြင့် အင်္ဂလိပ်နှင့် အိန္ဒိယတို့မှလာသော ကဗျာအငွေ့အသက် များကို နစ်းရှိုက်လေ့ရှိပါသည် (၀ါ) နမ်းရှိုက်ခွင့်ရလေ့ရှိပါသည်။ အခြား မျိုးတူရေခြားနိုင်ငံများမှ ကဗျာတို့နှင့် အထိအတွေ့ အလွန်နည်းပါသည်။ တင်မောင်အေးသည် မြန်မာကဗျာနှင့် ဂျာမန်ကဗျာအကြား ပေါင်းကူးတံတား ထိုးပေးလိုက်ပါသည်။

ဗားတော့ဗရက်၏ကဗျာများကို ဖတ်ကြည့်ရသောအခါ စစ်မောင်းသံကို ကြားလိုက်ဘိသကဲ့သို့ ကြက်သီးမွှေးညှင်း ထလာပါသည်။ ဆံပင်မွှေးထောင်လာပါသည်။ ကဗျာများ၏အသံမှာ ဟိန်းလှပါသည်။ ကဗျာတေးသံမှ ဟုတ်ကဲ့ လား။ ကျည်ဆံတွေများလား။ ဤသို့ခံစားမိပါသည်။ ကျနော်သာ နာဇီဖက်ဆစ်ဖြစ်ပါသမင့် ဤနေရာတွင်ပင် ပွဲချင်းပြီး ကျဆုံးဖွယ်ရှိပါသည်။ ဤကဗျာများသည် ကဗျာများမဟုတ်။ လူများပါပေတကား။ ပြည်သူ သိန်းသန်းပါ ပေတကား။ ဤသို့မှတ်ချက်ချမိပါတော့သည်။

ဗားတော့ဗရက်၏ကဗျာများကို ဖတ်ကြည့်တော့မှ တင်မောင်အေး ဘာ့ကြောင့် သည်ကဗျာတွေကို ပြန်ချင်ကြောင်း နားလည်လာရသည်။ ဆိုရှယ်လစ်နိုင်ငံတကာတည်ဆောက်ရာတွင် ဤကဗျာများသည် မည်မျှအဖိုးတန်ကြောင်း သဘောပေါက်လာရသည်။ ဤကဗျာများသည် ဆိုရှယ်လစ်စိတ်ဓာတ်ကို ပုံသွန်းသော ဗိသုကာဖြစ်မည်မလွဲတည်း။

ဤမျှထက်ပို၍ ကဗျာအကြောင်းမပြောလိုပါ။ ကဗျာများကို ဖတ်လိုက်မိလျှင် ဖတ်သူ၏နှလုံးစိတ်ဝမ်းထဲ၌ ဤကဗျာများ အသက်ရှင်လှုပ်ရှားနေတော့မည်ဖြစ်ရာ ကျနော်ကနှစ်ဖြူးနေစရာမလိုပါ။ ကဗျာများကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါဟု တိုက်တွန်းနှိုးဆော်ရုံသာ ရှိပါသည်။

တင်မောင်အေးသည် စိတ်အားထက်သန်လှသော၊ အကျိုးများမည့် စွန့်စားမှုများကို ခုံမင်လှသော၊ ကဗျာကို အလွန်ချစ်တက်သော လူငယ်တဦးဖြစ်ရာ နောက်ထပ်၍ ကျနော်တို့က မတိုက်တွန်းစေကာမူ သူကတော့ ဆက်လက်ကြိုးစားထုတ်ဝေဦးမည်မှာ ယုံမှားဖွယ်မလိုပါ။

“ကျနော်တို့လူငယ်တွေဟာ ကျနော်တို့ကိုယ်ကျိုးကိုယ်စီးပွားသက်သက်အတွက် အသက်ရှင်နေမယ်ဆိုရင် ဘယ်မှာအသက်ရဲ့တန်ဖိုးရှိတော့မလဲဗျ” ဟူ၍ တတွက်တွက် ဂါထာရွတ်လေ့ရှိသူ တင်မောင်အေးက ဗားတော့ဗရက်၏ ကဗျာများကိုမှရွေး၍ ထုတ်ဝေလိုက်သည်မှာ ချီးကျူးရန်မှတပါး အံ့သြရန်မရှိပေ။ လုပ်သင့်လုပ်ထိုက်သော ကောင်းမှုတရပ်ကို ပြုခြင်းမျှသာဖြစ်ချေသည်တကား။

တင်မိုး (၁၇ - ၇ - ၀၇)

ဆက်ဖတ်ရန်...